Wednesday, August 15, 2012

မိုးမလင်းညများအကြောင်း

ငါတို့ချည်ခဲ့တဲ့ ကြိုးတွေပဲ
တစ်ဘ၀ပြီး တစ်ဘ၀.....။
ငါတို့ဘယ်လို လုပ်ကြမှာလဲ
ဖြေဖို့ အစပျောက်ခဲ့ပြီ.....။
ဒီလိုနဲ့ပဲ မိုးလင်းမိုးချုပ်
ငါတို့ဘ၀တွေ စုန်းစုန်းမြုပ်ခဲ့ပြီ
သင်္ခါရတရားကို မသိသေးသမျှ
ငါတို့တွေ မိုးချုပ်နေတာမှန်း
ငါတို့ မသိခဲ့ကြဘူး..........။

ငါတို့တွေဟာ မြင်နေတဲ့ အကန်းတွေပဲ
ကြားရတဲ့ နားထိုင်းတွေပဲ......။
ငါတို့ရဲ့ မြစ်တွေကို
စီးဆင်းအောင် ကြိုးစားပြီး
အခြားမြစ်တွေ တိမ်ကောသွားကြတာကို
မေ့ပျောက်ဖို့  ကြိုးစားခဲ့တယ်......။

ငါတို့ အိမ်ကြီး ကြီးလာသမျှ
အခြားအိမ်လေးတွေ
ငယ်ငယ်သွားကြတာကို
ဝမ်းသာကြတယ်.......။

သေချာပါတယ်
ငါတို့ တွေ
မိုးမလင်းညတွေထဲ
ဆက်လျှောက်ကြရဦးမှာပဲလေ.......။

                                       ဝေလွန်သင်း(တောင်တွင်း)

No comments:

Post a Comment