Thursday, August 16, 2012

ကိုယ့်အမျိုးဘာသာ သာသနာ ဘယ်လိုကာကွယ်ကြမှာလဲ

    မိမိတို့အမျိုးဘာသာ သာသနာ မကွယ်ပျောက်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ကိုယ့်အမျိုးကိုယ့်ဘာသာကို ကာကွယ်ထိန်း သိမ်းမှုအားနည်းခြင်းကြောင့် ကွယ်ပျောက်သွားခဲ့ကြရသောသာဓကများစွာရှိခဲ့ပါတယ်။တချိန်က ဗုဒ္ဓသာသနာ နေလိုလလိုထွန်း တောက်ခဲ့သော အိန္ဒိယ၊ အာဖကန်နစ္စတန်၊မလေးရှား၊အင်ဒိုနီးရှား၊စင်္ကပူ စသည်နိုင်ငံများသည် လက်တွေ့သာဓကများဖြစ်ပါ တယ်။မိမိတို့နိုင်ငံသည်လည်း ထိုကဲ့သို့လစ်လျူရှု့ထားကြမည်ဆိုလျှင် အမျိုးဘာသာ သာသနာ ကွယ်ပျောက် သွား မှာဖြစ်ပါတယ်။ဒါကိုကောင်းစွာ သင်္ခန်းစာယူ၍ သတိတရားရှိရှိဖြင့် ၀ိုင်းဝန်းကာကွယ်မြင့်တင်ကြဖို့ အားလုံးမှာ တာဝန် ရှိကြပါတယ်။ မိမိတို့အမျိုး ဘာသာသာသနာကို ကာကွယ်နိုင်ဖို့ တခြားဘာသာတွေက ဘယ်လိုထိုး ဖေါက် လွှမ်းမိုးဖို့ကြိုး စားနေကြသလဲဆိုတာကိုလဲ ကောင်းစွာသိရှိကြဖို့လိုပါတယ်။စာရေးသူတို့ သာသနာ့ တက္ကသိုလ်တက်ရောက်ပညာ သင်ကြား စဉ်က တခြားဘာသာခြားတွေရဲ့ ကြိုးစားအားထုတ်ပုံတွေ သူတို့ရဲ့ထိုးဖေါက်မှုတွေအကြောင်းတွေကို ကောင်းစွာသင်ကြား နာယူခဲ့ရပါတယ်။ သာသနာ့တက္ကသိုလ်ကနေဗုဒ္ဓတက္ကသိုလ်(မန္တလေး) ရောက်တော့လည်း ဆက်လက်သင်ယူရပါတယ်။ စာရေးသူတို့စတုတ္ထနှစ်ရောက်လို့ ကျောင်းဖွင့်ပွဲ အခမ်းအနားမှာ တက္ကသိုလ်ကြီးရဲ့ ဂေါပက ဥက္ကဌ ကြီးပြောကြားသွားတဲ့စကားလေးကို အခုထက်ထိအမြဲကြားယောင်နေမိပါတယ်။ဒကာကြီးပြော သွားတာကတော့ သူ့ဘ၀ရဲ့ ကိုယ်တွေ့အတွေ့ကြံလေးတစ်ခုဖြစ်ပါတယ်။မန္တလေးမြို့ကြီးမှာ မီးအကြီးအကျယ်လောင်တော့ သူတို့အိမ်မီးထဲပါသွားပါတယ်။ ရှိတာလေးတွေ ဘာမှမယူလိုက်နိုင်ပါဘူး။နေစရာမရှိတော့လို့ သူ့ရဲ့ဆရာတော်ကျောင်းမှာ ခိုကပ်ပြီးသွားနေရပါတယ်။ သူယူထားတဲ့ဇနီးက ဘာသာခြားပါ။ သူအဟောအပြောကောင်းလို့ဗုဒ္ဓဘာသာ ထဲကိုတော့ရောက်နေပါပြီ။ဒါပေမဲ့သူတို့ ဘက်က တော့နည်းမျိုးစုံနဲ့ သူတို့ဘာသာထဲပြန်ပါရေးအတွက်အမြဲကြိုးစားနေလျက်ပါပဲ။ မီးလောင်လို့ဒုက္ခရောက်နေတာကိုသိ သွားတဲ့ သူ့ရဲ့ဇနီးဘက်က အဒေါ်တွေက ဒါကိုအခွင့်ကောင်းယူပြီး သူ့ဇနီးကိုလာဆွယ်ပါတယ်။ဒို့ဘာသာထဲကိုပြန်ဝင်ရင် တိုက်တစ်လုံး ကားတစ်စီးနဲ့ အရင်းအနှီးငွေထုတ်ပေးမယ်လို့လာစည်းရုံးပါတယ်။ဒါကိုသူ့ရဲ့ခင်ပွန်း ကိုပြောပြတော့ ဒီဒကာကြီးက တော်တော် သတ္တိကောင်းတယ် လုံးဝငြင်းပယ်လိုက်ပါတယ်။လုံးဝမယူဘူး နင်တို့ဘာသာထဲလည်းလုံးဝမ၀င်နိုင်ဘူးပေါ့။သေချာစဉ်းစား ကြည့်ပါ။သူတို့ဘာသာတွေက အားနည်းချက်ကို ကြည့်ပြီးထိုးနက်ဖို့ကြိုးစားနေတယ်ဆိုတာအဖြေပေါ်ပါတယ်။ဒီလိုဆင်းရဲဒုက္ခ ကြုံလို့ အနေချောင် အစားချောင်ရင်ပြီးရောဆိုပြီး မိမိဘာသာကိုစွန့်ကာ ယူသွားကြတဲ့မိရိုးဖလာဗုဒ္ဓဘာသာတွေလည်း မနည်းပါဘူး။လုံးဝအလျော့မ ပေးပဲ ဒုက္ခရောက်ချင်ရောက်ပါစေ ကိုယ့်အမျိုးဘာသာသာသနာတော့ အပျောက်မခံနိုင်ဘူးဆိုပြီး ကြိုးစားရပ်တည်နေကြတဲ့ တကယ့်ဗုဒ္ဓဘာသာတွေလဲအများကြီးရှိပါတယ်။ဒီအထဲမှာ ကျောင်းဒကာကြီးလည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဘက်က အလျော့မပေးပါဘူး။တနည်းနဲ့မရရင် တနည်း ပြောင်းပြီး ကြိုးစားတိုက်ပါတယ်။ ဇနီးရဲ့အဒေါ်ဖြစ်သူက တော်တော်လည်ပါတယ်။ သူ့တူမကို စည်းရုံးပါတယ်။ နင့်ယောက်ျားကိုပြောပါ။ဒို့ဘာသာထဲလည်း ၀င်စရာမလိုဘူး။ဒို့က နင်နဲ့ဆွေမျိုးတော်နေလို့ မကြည့်ရက်လို့ပါ။ဒို့အရင်းအနှီး ငွေထုတ်ပေးပါ့မယ်။ နေဖို့အိမ် လည်းဒို့ပေးပါ့မယ်။ ဒို့ရဲ့အကူအညီကိုလက်ခံပါလို့ လာစည်းရုံးပြန်တယ်။လုံးဝသူတို့ဘာသာထဲ မ၀င်နိုင်ဘူး လို့ငြင်းဆိုပြီးသားကို လုံးဝအလျော့မပေးပါဘူး။အခုနောက်တမျိုးနဲ့လာစည်းရုံးပြန်တယ်။သူ့ဇနီးက ဒီလိုလာပြောတော့ သူနည်းနည်း စဉ်းစားသွားတယ်။ ဒီမှာကလည်း ရင်းနှီးစရာငွေကလည်းမရှိ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် သူတို့ဘာသာထဲဝင်စရာမလို ပြောင်းစရာမလို ဆွေမျိုးသက်သက်မို့ကူညီတာ လက်ခံပါဆိုတော့ သူနည်းနည်း စဉ်းစားသွားတယ်။ လက်ခံလိုက်ရင် ကောင်းမလားပေါ့။ဒါပေမဲ့ သူသတိရသွားတယ်။ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ တော့မဖြစ်သေးဘူး။ ငါ့ရဲ့ဆရာတော်ကို သွားလျှောက်ပြအုံးမှပဲဆိုပြီး ဆရာတော်ကို အကျိုးအကြောင်းပြောပြပါတယ်။ ဆရာတော် တပည့်တော်တို့ကို တိုက်တစ်လုံး ကားတစ်စီး အရင်းအနှီးငွေထုတ်ပေးမယ် ဒါပေမဲ့ သူတို့ဘာသာထဲကို ၀င်ရမယ်ဆိုတုန်းက တပည့်တော်လုံးဝလက်မခံပါ။အပြီးအပြတ်ငြင်းပယ်လိုက်ပါတယ်။အခုသူတို့ဘက်က ထပ်ပြီးလာ ပြောတာက သူ့ရဲ့သူမဖြစ်နေလို့ လာကူညီတာပါ။သူတို့ဘာသာထဲကို ၀င်စရာမလိုပါဘူး။ နေစရာတိုက်နဲ့ အရင်းအနှီး ငွေလိုသလောက်ထုတ်ပေးပါမယ်လို့ လာပြောပါတယ်ဘုရား။တပည်တော် လက်ခံရင်ကောင်းမကောင်းဆိုတာကို ဆရာတော်ကို လာရောက်တိုင်ပင်တာပါဘုရားလို့ လျှောက်လိုက်တော့ ဆရာတော်ကြီးက အင်မတန်ဥာဏ်အမြော်အမြင်ကြီးမား တဲ့ဆရာ တော်ကြီးဖြစ်ပါတယ်။ ဒီလိုဆရာတော်ကြီးတွေသာသနာမှာ အများကြီးလိုပါတယ်။ဆရာတော်ကြီးက မင်းသေသေချာချာ စဉ်းစားပါတဲ့။ မင်းကသူတို့ရဲ့ အကူအညီ အထောက်ပံ့ကိုယူလိုက်ပါပြီတဲ့။မင်းကတော့ စိတ်ဓါတ်ခိုင်မာ ပြတ်သားတဲ့သူဆိုတော့ ဘယ်လိုနည်းနဲ့မှသူတို့ဘာသာထဲကို မပြောင်းနိုင်တာငါသိပါတယ်တဲ့။ဒါပေမဲ့ စိတ်ဓါတ်နုနယ်သေးတဲ့ မင်းရဲ့ဇနီးနဲ့ သားသမီး တွေကတော့ ကျိန်းသေတယ်။ဒါသူတို့ဘာသာက အရင်းအနှီးအထောက်အပံ့ပေးလိုက်လို့ သူတို့အခုလိုပြန်ဖြစ်လာတာ သူတို့ ဘာသာရဲ့ ကျေားဇူးကြောင့်လို့မြင်ပြီး ကျိန်းသေ သူတို့ဘာသာဝင်လေးတွေဖြစ်သွားမှာတဲ့။မင်းယောက်ျားမဟုတ်ဘူးလားတဲ့။ မင်းတို့အိမ်မီးလောင်သွားတဲ့ အထဲမှာ မင်းရဲ့ အရည်အချင်းတွေ သတ္တိတွေပါမသွားပါဘူးတဲ့။မင်းမှာရှိနေတဲ့ အရည်အချင်းတွေ နဲ့ ပြန်ပြီးကြိုးစားရင် ဘာလို့မဖြစ်ရမှာလဲ၊ သူတို့ မင်းကိုပေးမယ်ဆိုတာလဲ မင်းရဲ့ အရည်အချင်း လုပ်ရည်ကိုင်ရည်ကိုသိလို့ ပေးမယ်လို့ ပြောခြင်းသာဖြစ်တယ်။ကိုယ့်အရည်အချင်းနဲ့ကိုယ်ပြန်ကြိုးစားတည်ဆောက်ပါလို့ ဆရာတော်ကြီးက ဆုံးမသြ၀ါဒ ပေးလိုက်ပါတယ်။အဲဒီတော့မှ သူသေချာသဘောပေါက်သွားပြီး သူ့ရဲ့ဇနီးဘာသာခြားတွေကို အပြတ်ပြော လိုက်ပါ တယ်။ဒီနေ့က စပြီးလုံးဝလာရောက်မစည်းရုံးပါနဲ့၊ လုံးဝမယူပါဘူး။ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပြန်ကြိုးစား ပါမယ်လို့ပြော လွှတ်လိုက်ပါတယ်။ အဲဒီနေ့ကစပြီးသူပြန်လည်ကြိုးစားလိုက်တာ သူပြန်လည်ချမ်းသာလာပါတယ်။အထက်မြန်မာပြည်ရဲ့ ရွှေလုပ်ငန်း ဥက္ကဌထိဖြစ်လာပါတယ်။ယနေ့ဆိုရင် သာသနာတော်ကြီးအတွက် များစွာထောက်ပံ့လှူဒါန်း အကျိုးဆောင် ရွက်ပေးနေနိုင်ပါတယ်။ ဒကာကြီးက သူ့ကိုယ်တွေ့လေးကို ပြောပြရင်း သံဃာတောများကို လျှောက်ကြားထားပါတယ်။ သံဃာတော်အရှင်မြတ်များဘုရား...တခြားဘာသာခြားများသည် အရင်းအနှီးများထုတ်ပေးကာ နည်းမျိုးစုံဖြင့်ကြိုးစားထိုးဖေါက် နေကြပါသည်ဘုရား။ဒါကို တပည့်တော်တို့ သံဃာတော်များက လစ်လျူရှုကာ နေကြမည်ဆိုလျှင် နောင်တစ်ချိန်မှာ အမိမြန်မာ နိုင်ငံတော်ဝယ် ဗုဒ္ဓသာသနာကွယ်ပျောက်သွားနိင်တာမို့ အရှင်ဘုရားများ သတိတရားရှိရှိဖြင့်ကိုယ့်ဘာသာ သာသနာကို ၀ိုင်းဝန်းကာကွယ်မြင့်တင်ကြဖို့ ဆိုပြီးလျှောက်ကြားသွားပါတယ်။ဒါကိုယနေ့ထိပြန်လည်ကြားယောင်နေမိပါတယ်။ အခုခောတ်မှာ ဟိုအရင်ကလို တစ်လမ်းတည်းသွားစနစ်ဖြင့်သင်ယူယုံနဲ့မလုံလောက်တော့ပါ။ရဟန်းသံဃာတော်များ ဘက်ကများစွာဗဟုသုတရှိဖို့ လေ့လာသင်ယူဖို့လိုပါတယ်။ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာတော်အတွက် တကယ်လိုအပ်နေတဲ့ ပညာရေး၊စီးပွါးရေး၊ကျန်းမာရေး၊လူမှုရေး ၊နိုင်ငံရေး၊အမျိုးသားရေးတွေမှာ ရှေ့တန်းကနေမားမားမက် မက်ရပ်တည်ကာ ဆောင်ရွက် ပေးကြဖို့လိုပါတယ်။ဒီလိုမှမဟုတ်လျှင်မိမိတို့သည် ဘာမသိညာမသိဖြင့်နိ ဂုဏ်းချုပ်ကာ အမျိုးဘာသာ သာသနာ ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ မိမိတို့ အမျိုးဘာသာ သာသနာ မကွယ်ပျောက်ရေးနှင့်ပြန်လည်တိုးတက်ထွန်းကားရေးအတွက် ဆရာတော် သံဃာ တော်ညီတော်နောင်တော်များအချင်းချင်း သွေးစည်းညီညွတ်ကာ ညီအစ်ကိုရင်းစိတ်ဓါတ်ဖြင့် အချင်းချင်းလက်တွဲတိုင်ပင်ကြိုးစား တည်ဆောက်ကြပါစို့ဟုတိုက်တွန်းနိုးဆော်လျှောက်ကြားလိုက်တယ်သံဃာတော်အရှင်သူမြတ်များဘုရား။ အမျိုးဘာသာ သာသနာတော်အတွက် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံ၍ကြိုးစားဆောင်ရွက်နိုင်ကြသော သာသနာ့ဝန်ထမ်း သာသနာ့အာဇာနည်များ များစွာပေါ်ထွန်းနိုင်ကြပါစေဟုဆန္ဒပြုလျှောက်ကြားရင်း....................


မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

စာကြည့်တိုက် ဟူသည်…

“ဟာ...ဒကာမကြီးကလည်း စာကြည့်တိုက်ဆိုတာ...စာအုပ်ရယ်၊ စာဖတ်တဲ့ သူရယ်ရှိရင် စာကြည့်တိုက်ဖြစ်ပါပြီ၊ အဆောက်အဦး မလိုပါဘူးဗျာ။” 
         စေတနာပန်းခင်း စာကြည့်တိုက် စဖွင့်မယ်လုပ်တော့ ဒကာမကြီးတစ်ယောက် က “ဦးဇင်းက စာကြည့်တိုက် လုပ်မယ် ဆိုတော့ အဆောက်အဦးရှိလို့လား” ဆိုတဲ့ မေးခွန်းလေးကို စာရေးသူက ဒီတိုင်းလေးပဲ ပြန်ဖြေခဲ့ ပါတယ်။ သူ့သဘောကတော့ စာကြည့်တိုက်လုပ်မယ်ဆိုရင် အဆောက်အဦးရှိမှ ဖြစ်မယ်ဆိုတဲ့ သဘောပါ။ အဆောက်အဦးဆိုတာ မလိုအပ်ဘူးတော့ မဟုတ်ပါဘူး။ အဓိကနေရာကကို လိုအပ်ပါတယ်။ ဒါပေမယ့် အဆောက်အဦးရှိမှ စာကြည့်တိုက် လုပ်မယ်ဆိုရင်လည်း သာမာန်စာသင်သား ရဟန်းတစ်ပါးအတွက် စာကြည့်တိုက်ဆိုတာ “ဘယ်ဆီမျှော်မှန်း တမ်းတရမလဲ” ဆိုသလိုဖြစ်နေပါလိမ့်မယ်။ စာရေးသူက ငယ်ငယ် ကတည်းက စာဖတ်တာ အလွန်ဝါသနာထုံသလို၊ “ငါအရွယ်ရောက်ရင် စာကြည့်တိုက် လုပ်မယ်”ဆိုတဲ့ အတွေးက ဘယ်အရွယ်ကတည်းက အသွေးထဲ၊ အသားထဲမှာစွဲနေမှန်းမသိပါဘူး။ စာကြည့် တိုက်ကို တော်တော်လေးကို ၀ါသနာပါပါတယ်။ စာရေးသူငယ်စဉ်က ဦးဇင်းတစ်ပါးက အပြောကောင်းကောင်းနဲ့ ဦးနုရဲ့ မိတ္တဗလဋီကာ စာ အုပ်အကြောင်းကို အထဲက စာတွေလည်းပြောပြ၊ စာအုပ်ကောင်းကြောင်းလည်း ညွှန်းပြပါတယ်။ အဲဒိတော့ ဆယ့်သုံးနှစ်သားလောက်သာရှိသေးတဲ့ စာရေးသူဟာ အဲဒိစာအုပ်ကို မဖတ်ဖူးသေးပဲ နဲ့ သိပ်ကိုကြိုက်သွားပါတယ်။ ဒါနဲ့ စာအုပ်ဆိုင်မှာ သွားမေးတယ်။ ဈေးက သုံးရာပါတဲ့။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ခန့်က သုံးရာဆိုတာ စာသင် သားကိုရင်ငယ်လေးတစ်ပါးအတွက် အလွန်ကိုများပါတယ်။ ဒါပေမယ့် စာရေးသူ အဲဒိစာအုပ်ကို ရှိစုမဲ့စုလေးနဲ့ ၀ယ်လိုက်တယ်။ ဒါပေမယ့် တစ်ကယ်လည်းဖတ်ကြည့်ရော အဲဒိထဲက စာတွေကို စာရေးသူ တစ်လုံးမှနားမလည် ပါဘူး။ မြန်မာလိုတွေ ရေးထားတာပါပဲ။ ဒါပေမယ့် အဲဒိထဲက ရေးထားတဲ့ စာရဲ့ အဓိပ္ပါယ်တွေကို ဆယ့်သုံးနှစ်သားကိုရင်ငယ်ဟာ ဘယ်လိုမှ နားမလည် နိုင်ဘူးဆိုတာ အဲဒိတော့မှပဲသိရတော့တယ်။ ဒါပေမယ့် စာရေးသူ စိတ်မပျက်ပါဘူး။ “ငါကြီးလာရင် ဖတ်မယ်” ဆို ပြီး အဲဒိစာအုပ်ကြီးကိုသိမ်းထားလိုက်ပါတယ်။ အဲဒိထဲက စာရေးသူ စာအုပ်တွေကို စပြီး စုပါတယ်။ စာကြည့်တိုက် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ၊ ဒါပေမယ့် စာအုပ်တွေက အဖတ်ကိုမတင်ပါဘူး။ ဟိုလူက ငှား၊ ပေးလိုက်၊ ပြန်မရ၊ ဒီလူက ငှားပေးလိုက်၊ ပြန်မရနဲ့ ၊ စာကြည့်တိုက်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်က သမင်မွေးရင်း ကျားစား ရင်းပဲ ဖြစ်လို့နေပါတယ်။ အဲဒါနဲ့ မဖြစ်တော့ဘူး “စာကြည့်တိုက် လုပ်ဘို့ စာအုပ်စုနေတာထက်၊ စာကြည့်တိုက် လုပ်ရင်းနဲ့ စာအုပ်စုတာပိုပြီး အဆင်ပြေမယ်”လို့ စဉ်းစားမိတဲ့အတွက် စာရေးသူ စာကြည့်တိုက်လုပ်ဘို့ စပြီး ပြင် လိုက်တာပါ။ အဲဒိမှာ အဆောက်အဦးပြဿနာက စတက်တော့တာပါပဲ။ အဲဒိပြဿနာကို စာရေးသူက စောစော က စကားလေးနဲ့ အဖြေပေးလိုက်သလို၊ ကိုယ့်ကိုယ်ကိုလည်း အားပေးလိုက်တာပါ။ စာကြည့်တိုက်လုပ်ဘို့ ကိုယ် ၀ယ်ထားတဲ့ စာအုပ်လေးတွေ ဟိုနေရာက တစ်အုပ်၊ ဒီနေရာက တစ်အုပ်နဲ့လိုက်စုလိုက်တော့ စာအုပ်တွေက ငါး ဆယ်လောက်ပဲစုလို့ရပါတော့တယ်။ အဲဒိစာအုပ်ငါးဆယ်နဲ့ပဲ စာရေးသူရဲ့ သင်တန်းအခြေစိုက်ရာ လေးမျက်နှာ မြို့နယ်က၊ ခမောက်စုဆိုတဲ့ နေရာလေးမှာ စပြီး တည်ထောင်လိုက်ပါတယ်။ စာကြည့်တိုက်နာမည်ကတော့ သင်တန်းလေးရဲ့ နာမည်“စေတနာပန်းခင်း”နေရာကတော့ စာရေးသူရဲ့ အမေ ရင်းလို ဖြစ်နေတဲ့ ဒကာမကြီးဒေါ်အသိန်းရဲ့အိမ်ကိုပဲ စာကြည့်တိုက်အဖြစ်လုပ်လိုက်ပါတယ်။ (အနိုင်ကျင့်လိုက် တယ်ပေါ့) ဒီငါးဆယ်နဲ့တော့ ဘယ်လိုမှ စာကြည့်တိုက်အင်္ဂါမပြည့်စုံဘူးဆိုတာလည်း စာရေးသူသိပါတယ်။ ဒါပေ မယ့် စာအုပ်တွေများများရဘို့ ဘယ်ဒကာမဆီမှ လက်ဖြန့်ပြီးအလှူမခံခဲ့ပါဘူး။ စာရေးသူ ရန်ကုန်မှာ ဆွမ်းခံကြွတဲ့ အခါ နေ့စဉ်ပုံမှန် ဆွမ်းဟင်းမမှီတဲ့ အိမ်တွေက ၀တ္ထုငွေလေးတွေ လှူဒါန်းလေ့ရှိပါတယ်။ တစ်နေ့ကို နှစ်ရာ၊ တစ် ခါတစ်ရံ ငါးရာလောက်အထိရတတ်ပါတယ်။ အဲဒိငွေကြေးလေးတွေဟာ စာရေးသူရဲ့ စာကြည့်တိုက်ရန်ပုံငွေပဲ ပေါ့။ နေ့စဉ်ရလာတဲ့ ငွေကြေးလေးတွေကို မသုံးပဲ စုဘူးလေးနဲ့ စုစုထားပြီး၊ တစ်လပြည့်တဲ့အခါဖောက်ပြီး စာ ကြည့်တိုက်ကို စာအုပ်လေးတွေ ရန်ကုန်ကနေ ၀ယ်ဝယ်ပြီးပို့ပါတယ်။ တစ်ခါတစ်ရံကျတော့လည်း လာဘ်လာဘ ရှားပါးတဲ့ ရဟန်းတော်တစ်ပါးဆိုတော့ အသုံးစာရိတ်ပြတ်တိုင်း စုဘူးလေးကို မျက်ဆောင်းထိုးရပါတယ်။ မတတ် နိုင်တဲ့ အဆုံးဆိုရင်တော့ စုဘူးလေးဟာ ဖင်က အဖောက်ခံရတာလည်း မကြာခဏပေါ့။ ဒါပေမယ့် အဲဒိလို ဖေါက်ပြီးသုံးမိတဲ့ ငွေးလေးတွေကိုလည်း မှတ်ထားပါတယ်။ တတ်နိုင်တဲ့အခါ အကြွေးလို သဘောထားပြီး ပြန်ပြန် ဆပ်ရတာပေါ့။ ဒီလိုနဲ့တစ်ဝါတွင်းလောက်ကြာတော့ စာကြည့်တိုက်လေးဟာ အဆောက်အဦးမရှိသေးပေမယ့် “၀မ်းစာ” လေး တွေပြည့်လာပါတယ်။ စာရေးသူတို့ စာကြည့်တိုက်က တစ်ခြားစာကြည့်တိုက်ကြီးတွေလို ၀န်ထမ်းလည်း မရှိပါ ဘူး။ စာကြည့်တိုက် တည်နေရာအိမ်က အစ်မရင်းလိုဖြစ်နေတဲ့ ဆရာမဒေါ်သန္တာဦးကိုပဲ စာကြည့်တိုက်မှူး အလကားခန့်ပြီး လူမိုက်ငှားရပါတယ်။ လူမိုက်ငှားရတယ်ဆိုတာ တစ်ခြားတော့မဟုတ်ပါဘူး။ စာကြည့်တိုက်က တောရွာမှာဆိုတော့ စာကြည့်တိုက်ကို နေရာအရောက် လာဖတ်တဲ့သူဆိုတာ စာရေးသူရဲ့ ကလေးတွေပဲ ရှိပါ တယ်။ တစ်ခြား စာဖတ်ပရိသတ်တွေကတော့ “ဘယ်စာအုပ်ဖတ်ချင်တယ်”ဆိုရင် စာကြည့်တိုက်မှူးနဲ့ အကျိုး ဆောင် ဆရာမတွေကပဲ အိမ်တိုင်ရာရောက် စာအုပ်ကို သယ်သွားပြီး အဖတ်ခိုင်းရတာပါ။ တစ်ခါတစ်ရံ စာအုပ် ကနည်းတော့ တစ်စုံတစ်ဦးက ဖတ်တာကြာနေရင် နောက်တစ်ရောက်က “မပြီးသေးဘူးလား၊ ပြောထားတာ ကြာနေပြီ” စသည်ဖြင့် စာကြည့်တိုက်မှူးနဲ့ အကျိုးဆောင် ဆရာမတွေမှာ ရန်အတွေ့ခံရတာလည်း ရှိတတ်ပါ တယ်။ ဒါတွေလည်း သည်းခံရတယ်ပေါ့။ ဒါကြောင့် စာရေးသူရဲ့ သူငယ်ချင်းတစ်ပါးက ပြောပါတယ်“ဦးဇင်း စာကြည့်တိုက်က ဦးဇင်းမို့လုပ်နိုင်တယ်၊ တပည့်တော်တော့ မလွယ်ဘူး။ စာအုပ်လည်း ဖတ်ဘို့လုပ်ပေးရသေး၊ အိမ်လည်းရောက်အောင် ပို့ပေးရသေး။ ဒီကြားထဲ အဆင်မပြေရင် အအော်အငေါက်ကခံရသေး မလွယ်ဘူး၊ မလွယ်ဘူး” တဲ့။ ဒီလိုပါပဲလေ။ လောကဆိုတာတော့ ချောမွေ့နေတဲ့ နံရံတစ်ခုကနေ ဘယ်သူမှ အပေါ်ကို တက် ဘို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ နားလည်နေတဲ့ စာရေးသူကတော့ သူရဲ့အပြောကို အပြုံးလေးနဲ့ပဲ တုန့်ပြန်လိုက် ပါတယ်။ “စာအုပ်ကောင်းကောင်လေးတွေ ဖတ်ရလို့၊ တပည့်တော်တို့ စိတ်ချမ်းသာမှုတွေ အများကြီးရပါတယ် ဘုရား၊ အဲဒိအခါတိုင်း အရှင်ဘုရားရဲ့ ကျေးဇူးကိုသတိယပြီး၊ စာအုပ်လေးကို ချလို့ အရှင်ဘုရားကို မှန်းပြီး ကန် တော့မိပါတယ်ဘုရား” ဆိုတဲ့ အသံလေးတွေ ကြားရတိုင်း စာရေးသူအတွက်မဟုတ်ပေမယ့် စာကြည့်တိုက်လေး အတွက်တော့ ပင်ပန်းသမျှလေးတွေပြေပျောက်ပြီပေါ့။ စာရေးသူတို့ စာကြည့်တိုက်မှာက ကဏ္ဍနှစ်ခုခွဲထားရပါတယ်။ လူကြီးစာပေရယ်၊ ကလေးစာပေရယ်လို့ရယ်ပါ။ စာရေးသူရဲ့ ကလေးတွေအတွက် ဗုဒ္ဓ၀င်ရုပ်ပြ၊ ကာတွန်း၊ တွတ်ပီစတာတွေ၊ လူကြီးတွေအတွက် ဓမ္မစာပေ၊ ကျန်း မာရေး၊ သုတရသ၊ ၀တ္ထု စသည်ဖြင့်ပေါ့။ စာရေးသူရဲ့ကလေးတွေကတော့ သစ္စာရှိပါတယ်။ သူတို့အတွက် ကန့် သတ်ထားတဲ့ စာအုပ်တွေပဲ သူတို့ဖတ်ပါတယ်။ လူကြီးတွေအတွက်ဆိုတဲ့ အကန့်ကိုလုံးဝကို မျက်ဆောင်းမထိုးပါ ဘူး။ ဒါပေမယ့် လူကြီးတွေကတော့ လူကြီးစာပေတွေကနေ အောက်ကို ခုန်ခုန်ချပြီး ကာတွန်းတွေချည်း လာလာ ဖတ်နေလို့ မကြာခဏပြောနေရပါတယ်။ “ကလေးလူကြီးတွေလို့”။ဘာပဲဖြစ်ဖြစ် စာရေးသူတို့ အိမ်တိုင်ရာရောက် ၀န်ဆောင်မှုပေးနေတဲ့ “စေတနာပန်းခင်း” စာကြည့်တိုက်လေးဟာ သီးခြားအဆောက်အဦးမရှိပေမယ့် ဖတ်စရာ စာအုပ်လေးတွေရယ်။ စာကြည့်တိုက်အသင်းဝင်တွေရယ်၊ စာကြည့်တိုက် အသင်းဝင်ကဒ်ကလေးတွေရယ် ပြည့် ပြည့်စုံစုံနဲ့ အဆောက်အဦးကလွဲရင် လောကရဲ့ ခိုင်မာတဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ မြူတစ်မှုံ၊ သဲတစ်ပွင့် အဖြစ်နဲ့ အများပြည်သူတွေရဲ့ အသိဥာဏ် တံခါးကို ဖွင့်လှစ်ဘို့အတွက် အောင်မြင်စွာရပ်တည်နိုင်ခဲ့ပါပြီ။

ခမောက်စုကျေးရွာက စာကြည့်တိုက် အကျိုးဆောင်များဖြစ်ကြတဲ့
ဆရာမသန္တာဦး (အလယ်တန်းပြ)
ဆရာမ ဇင်မာမြင့် (အလယ်တန်းပြ)
ဆရာမ သက်သက်ဝင်း (အလယ်တန်းပြ)
ဆရာမ ညိုမာစိုး (အလယ်တန်းပြ)
ဆရာမ ဒေါ်စန်းစန်းခိုင် (အလယ်တန်းပြ)
မအေးအေးခိုင် (ခမောက်စု)
မတင်အေးခိုင် (ခမောက်စု)
မအိသက်ခိုင်
စသည်တို့နှင့် စာဖတ်သူများအား အထူးကျေးဇူးတင်ရှိလျှက်




 ရွှေဘုန်း (အရှင်တေဇာနန္ဒ၊ စေတနာပန်းခင်း)

ဆွဲကိုင်မိသည့် အတွေးစ,တစ်မျှင်

                 မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ဖခင်သုဒ္ဓေါဓနမင်းကြီး၏နိုင်ငံရှိ ကပိလ၀တ္ထုနေပြည်တော်ကို ကြွရောက်တော်မူခဲ့ရာ ဆွေတော်မျိုးများအားလုံးနှင့် တိုင်းသူပြည်သားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ သီတင်းသုံးဖို့ရာ လိုအပ်ရာရာများ ပြင်ဆင်ပေးပြီးနောက် နှစ်၊လများစွာ ကွဲကွာနေခဲ့ကြသည့်အလျောက် သာကြောင်းမာကြောင်းစသော အလ္လာပသလ္လာပ စကားများကို ပြောဆိုနေခဲ့ကြသည်။ တစ်နေ့တာကို အဆုံးသတ်မျဉ်းအဖြင့်သာရင်း နေမင်းကြီးကတော့ အနောက်ဂေါ်ယာကျွန်းဆီ ချဉ်းနင်းဝင်ရောက်ကာ ပျောက်ကွယ်သွားလေပြီ။ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ ခေတ္တသီတင်းသုံးနေထိုင်ရာ အရပ်သည်လည်း ဆိတ်ငြိမ်ရာလေးအဖြစ် ပေါ်လွင်ခဲ့လေပြီ။ အားလုံးအသီးအသီး အသက,အသက ပြန်သွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားရှင်နှင့်သံဃာတော်များကို နောက်တစ်နေ့အတွက်ဆွမ်းကို အလှူခံဖို့ရာအတွက် ဖိတ်မန္တကပြုခြင်း မရှိပါလေ။ သုဒ္ဓေါဓနမင်းကြီးကိုယ်တိုင်ကလည်း “ဖခင်၏ အရိပ်အာဝါသအောက်ကိုရောက်လာသော သားတော်သည် မိမိအိမ်(နန်းတော်)ကိုပင်ကြွရောက်ကာ နေ့လည်စာကိုသုံးဆောင်လိမ့်မည်”ဟု တွေးလျှက် အထူးတလည် ပင့်လျှောက်ခြင်းအလျဉ်းမရှိဘဲ နန်းတော်သို့ပြန်ခဲ့လေသည်။ နောက်တစ်နေ့ နေ့ဆွမ်းခံဖို့ရာ သင့်တော်သောအချိန်တွင် မည်သူမျှ လာရောက်ပင့်ဖိတ်မှု မရှိသောကြောင့် မြတ်စွာဘုရားသည် ရှေးဘုရားရှင်တို့အစဉ်လာကို ဆင်ခြင်တော်မူသောအခါ ဆွမ်းခံကြွခြင်းအလေ့ကို ပြုတော်မူခဲ့ကြောင်းနှင့် ဆွမ်းခံကြွခြင်းကြောင့် ရရှိအပ်သော အလှူရှင်နှင့် အလှူခံပုဂ္ဂိုလ်တို့၏ များပြားလှသော အကျိုးကျေးဇူးတရားများကို တွေ့မြင်တော်မူခဲ့လေသည်။ ထိုကြောင့် နောက်ပါရဟန်းတော်များနှင့်အတူ စီတန်းလှည့်လည်ကာ အိမ်စဉ်ရပ်ဆွမ်းခံခြင်းကို စ,တင်တော်မူခဲ့သည်။ ထိုသတင်းကိုကြားသိလိုက်ရသော သုဒ္ဓေါဓနမင်းကြီးသည် ပြေးလျှင်မတင့်တယ်သော မင်းတို့၏အမူရာကိုပင် မေ့လျော့ကာ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ ဆွမ်းခံကြွတော်မူရာလမ်းကို တန်းတန်းမတ်မတ်ပြေးလွှားခဲ့ပြီး ဘုရားရှင်အား “ချစ်သား..! ဖခင်ကို အဘယ်ကြောင့် အရှက်ခွဲရပါသနည်း၊ သားတော်နှင့် နောက်ပါတပည့် နှစ်သောင်းကျော်ကို တစ်ရက်တည်းမဟုတ် တစ်သက်လုံးကျွေးထားရလည်း ဖခင်တတ်နိုင်ပါသည်”ဟု ဆိုလှာတော့သည်။ ထိုအခါ ဘုရားရှင်က ဆွမ်းခံကြွတော်မူခြင်းဓလေ့သည် ဘုရားရှင်တို့၏ အစဉ်လာဖြစ်ပြီး၊ အလှူရှင်များက သီးသန့်ပင့်ဖိတ်ထားခြင်းမရှိလျှင် ဆွမ်းခံကြွခြင်းကိုပင် လိုလိုလားလား ပြုတော်မူကြောင်း ပြန်လည်မိန့်တော်မူလေသည်။ ထို့အတူ ဘုရားရှင်၏ တပည့်၊ သာဝကများသည်လည်း ကျင့်သုံးတော်မူကြကြောင်းကိုပါ မိန့်တော်မူလေသည်။ ***** ဘုရားရှင်လက်ထက်တော်အခါက ရှင်ရဟန်းဖြစ်လိုသောသူများကို ဘုရားရှင်က “သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည် ပြည့်စုံပါပြီလား”ဟူသော မေးခွန်းတစ်ခုကိုပါ မေးတော်မူခဲ့သည်။ ယင်းတို့အထဲမှ သပိတ်သည် ဆွမ်းခံစားဖို့ရာအတွက် ဖြစ်ပါသည်။ မိမိ၏ သလုံးမြင်းခေါင်းကို အမှီပြုကာ အိမ်စဉ်လှည့်ပြီး အလှူရှင်များ မပင်မပမ်း လှူဒါန်းအပ်သော တစ်ဇွန်း၊တစ်ယောင်းမဆွမ်းကို အလှူခံခြင်းသည် မြတ်တော်မူကြောင်း ဘုရားရှင်က ပြသတော်မူခဲ့သည်။ ရှင်၊ရဟန်းသည် မိမိကိုယ်ကိုယ် ပျားပမာထား၍ အလှူရှင်တို့၏ သဒ္ဓါတရား၊ စည်းစိမ်ဥစ္စာနှင့်တူသော ပန်းဝတ်ရည်ကို မပျက်စီးအောင် သောက်သုံးဘိသကဲ့သို့ ကျင့်တော်မူကြရန် မိန့်တော်မူခဲ့လေသည်။ ***** ယခုခေတ်အခါတွင်လည်း ဘုရားရှင်၏ မိန့်မှာတော်မူချက်နှင့်အညီ ရဟန်းဖြစ်လျှင်ဖြစ်ခြင်း သိမ်တွင်းမှမထွက်မှီ အရေးကြီးလှသော “မှီရာလေးပါး၊ တည်ရာလေးပါး”ကို အထူးတလည် မှာကြားရသည်။ ယင်းတို့ကို ရဟန်းတော်တို့အတွက် “သေလေးပါး၊ ရှင်လေးပါး”ဟုလည်း အချို့ကဆိုကြသည်။ ယင်းတို့အထဲမှ တစ်ပါးမှာ “ရဟန်းဘ၀တွင် နေသမျှကာလပတ်လုံး ဆွမ်းခံ၍သာ စားရမည်”ဟု ဆိုထားပါသည်။ သို့ရာတွင် ထိုအရာအားလုံးသည် ရှေးဘုန်းရှေးကံရှိသူ (အတိရေကလာဘော) ရဟန်းတော်များအတွက် ခြွင်းချက်ရှိပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဆွမ်းခံခြင်းအလေ့ထကို ဘုရားရှင်ချီးကျူးတော်မူခဲ့သည့်အတိုင်း ယနေ့တိုင်အောင် ထိမ်းသိမ်းထားနိုင်မှုသည် ကောင်းမြတ်သော အစဉ်လာဖြစ်သည်။ ***** သီရိလင်္ကာနိုင်ငံ တစ်ဝှန်းလုံးတွင် ဗုဒ္ဓပွင့်တော်မူရာ (ဗုဒ္ဓမွေးနေ့) ၂၆၀၀-ပြည့်နှစ် အခမ်းအနားများကို ကျင်းပကြသည်။ လမ်းတိုင်း၊ အိမ်တိုင်း၊ ယာဉ်တိုင်းနှင့် အစိုးရရုံးတိုင်း-နီးပါးမျှ သာသနာ့အလံတော်များကို လွှင့်ထူထားသည်မှာ ဗုဒ္ဓဘာသာတို့အဖို့ ကြည်နူးဖွယ်ရာအတိဖြစ်သော မြင်ကွင်းပင်။ သံဃာတော်များကို အလေးထားမှုနှင့် အရိုသေပေးမှုတို့ကို ကြည့်ခြင်းအားဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာ ထိပ်တန်းရောက်သည်ဟု ပြောလေ့ရှိသော သီရိလင်္ကာသားတို့ ပြောစကားမှာ သာမန်ကြည့်ရုံမျှနှင့်ပင် ယုံမှားစရာမလို။ သို့ရာတွင် ပြီးပြည့်စုံအောင် ကောင်းသည်ဟုတော့ မဆိုနိုင်ပေ။ သီရိလင်္ကာတွင် ၂၆၀၀-ပြည့် ဗုဒ္ဓနှစ်ပတ်လည်အခမ်းနားကို ကျင်းပရာတွင် သံဃာတော်များ တန်းစီ၍ ဆွမ်းခံကြွခြင်းကိုလည်း အစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းထားသည်။ သံဃာတော်များ တန်းဆွမ်းခံကြွတော်မူလာသည့်အခါ ဒကာ-ဒကာမများက သံဃာ့ဂုဏ်တော်များကို ရွတ်ဆိုကာ ဖူးမျှော်ကြ၊ ဆွမ်းများလောင်းလှူကြသည်။ သို့ရာတွင် သီရိလင်္ကာ(သီဟိုဠ်)ရှိ အချို့သော ရဟန်း၊သာမဏေများမှာ သပိတ်ပိုက်ပုံ၊ပိုက်နည်းတို့အား ကောင်းကောင်းမသိကြတော့သည်ကို မြင်ရ၊တွေ့ရသည်။ (သီရိလင်္ကတာတွင် နေ့စဉ်ဆွမ်းခံကြွသည့် ကျောင်းအချို့နှင့် တောနေရဟန်း အနည်းငယ်များလည်း ရှိသေးကြောင်းသိရပါသည်။ သို့ရာတွင် အများစုသော ရဟန်း၊သာမဏေများမှာ ဆွမ်းခံကြွလေ့ မရှိတော့ပါ။) သီရိလင်္ကာတွင် ရဟန်း-သာမဏေများ ဆွမ်းခံထွက်သည်ကို အတော်ပင်တွေ့ရခဲသည်။ တောရပ်ဒေသများတွင်သာ ရံဖန်ရံခါတွေ့နိုင်တော့သည်။ မြို့ကြီးများတွင်မူ အထူးတလည်ပြုလုပ်သော အခမ်းနားမျိုးတွင်မှသာ ဆွမ်းခံခြင်းဓလေ့ကို တွေ့ရတော့သည်။ ယင်းကိုပင် အခမ်းနားတိုင်းမဟုတ်၊ အခါအားလျော်စွာသာဖြစ်သည်။ လူဦးရေ ၂၅-သန်းခန့်ရှိသော သီရိလင်္ကာနိုင်ငံတွင် ရဟန်း-သာမဏေနှင့် သာသနာ့နွယ်ဝင် သီလရှင်များမှာ နှစ်သောင်းခွဲခန့်ရှိသည်ဟု သိရပါသည်။ ထိုအထဲမှ ရဟန်းတော်အများစုသည် အစိုးရ၀န်ထမ်း အထက်တန်းကျောင်းဆရာများ၊ တက္ကသိုလ်ဆရာများ၊ ကျောင်းအုပ်ကြီးများ စသည်တို့ဖြစ်ကြသည်။ အဆိုပါရဟန်းများ၏ နေ့စဉ်ဘ၀ပုံရိပ်များသည် လူမှုရေးလုပ်ငန်းများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ နံနက်စောစော မိမိသီတင်းသုံးရာ ဘုန်းတော်ကြီးကျောင်းမှထွက်ကာ ညနေမိုးချုပ်မှပင် ကျောင်းကိုပြန်ရောက်ကြသည်။ အားလပ်ရက်ဖြစ်သော စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်၊ အများပြည်သူ အလုပ်နားရက်များတွင်မူ ကျောင်းတွင် တစ်နေကုန်ရှိနေတတ်သည်။ များသောအားဖြင့် စနေ၊တနင်္ဂနွေနေ့များတွင် ဆွမ်းစား၊ကွမ်းစားများရှိတတ်သည်။ ဆွမ်းစားမရှိသောရက်ကလည်း အတော်ပင်ရှားသည်။ ဆွမ်းစားမရှိပါကလည်း ဆွမ်းခံထွက်စရာမလို။ အချိန်ကျလျှင် အရုဏ်ဆွမ်း၊နေ့ဆွမ်းကို အလှည့်ကျ ဒကာ-ဒကာမများက ကျောင်းအရောက်လာပို့ကြသည်။ ကျန်သည့်နေ့များတွင်လည်း ထိုနည်းအတိုင်းပင်။ ကျောင်းမှာကျန်ရစ်သည့် ရဟန်း-သာမဏေတို့အတွက် ဆွမ်းလာပို့သည်။ သို့ဖြင့် အိမ်စဉ်ရပ် ဆွမ်းခံထွက်ခြင်းသည် ၄င်းတို့၏ နေ့စဉ်ဝတ္တရားတစ်ခုအဖြစ်မှ အလိုလိုပင်လျော့သွားသည်။ အရုဏ်ဆွမ်းခံထွက်ဖို့ကိုဝေးစွ နေ့ဆွမ်းခံကိုတောင်မှ ရံဖန်ရံခါအခမ်းနားများတွင်သာ မြင်ရတော့သည်။ မြန်မာနိုင်ငံတစ်ဝှန်းလုံးတွင် အရုဏ်ဆွမ်းခံ၊ နေ့ဆွမ်းခံများကို နေ့စဉ်မြင်တွေ့နေရသေးသည်။ အများအားဖြင့် နံက် ၄-နာရီခန့်တွင် တုန်းခေါက်အချက်ပေးသံကို ကြားရသည်။ မကြာမှီမှာပင် ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ တန်းစီကာဖြင့် အရုဏ်ဆွမ်းခံ ထွက်လာကြတော့သည်။ ယေဘုယျအားဖြင့် နံနက် ၅-နာရီခန့်လောက်တွင် အရုဏ်ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးတော့သည်။ နေ့ဆွမ်းခံကိုမူ ၉-နာရီခွဲ ၁၀-နာရီခန့်တွင် ကြွရောက်ကြ၍ နံနက် ၁၁-နာရီခန့်တွင် ဘုဉ်းပေးပြီးတော့သည်။ အရုဏ်ဆွမ်း-နေ့ဆွမ်းဘုဉ်းပေးပြီးနောက် ခေတ္တခဏသာ အထွေထွေလုပ်ငန်းများ လုပ်ကိုင်ကြ၊ အနားယူကြပြီးနောက် စာသင်-စာကျက်လုပ်ငန်းများ၊ တရားဘာဝနာ ကျင့်သုံးခြင်းများဖြင့် တစ်နေ့တာကုန်ကြတော့သည်။ သီရိလင်္ကာရဟန်းတော်များကမူ အရုဏ်ဆွမ်းကို နံက် ၇-နာရီခွဲ ၈-နာရီခန့်မှ ဘုဉ်းပေးလေ့ရှိပြီး၊ နေ့လည်ဆွမ်းကိုမူ နေ့လည် ၁၂-နာရီ၊ ၁၂-နာရီကျော်မှ သုံးဆောင်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ထင်ရှားလှသည့် ဆရာတော်ကြီးအချို့ပင် ဆွမ်းခံထွက်လေ့ရှိသည်ကို တွေ့ရပါသေးသည်။ အတိုချုံးပြောရလျှင် သီရိလင်္ကာ ရှင်-ရဟန်းများအကြားတွင် ဆွမ်းခံခြင်းဓလေ့များ တစ်ဖြေးဖြေးနှင့် ပျောက်ကွယ်လာနေသော်လည်း မြန်မာနိုင်ငံရှိ ရှင်-ရဟန်းတို့၏ နေ့စဉ်ဘ၀တွင်မူ ဆွမ်းခံခြင်းသည် အရေးပါလျှက်ပင်ရှိသည်။ ဆွမ်းခံခြင်းကိုပင် ဘုရားရှင် ချီးကျူးတော်မူခဲ့သော ကျင့်ဝတ်တစ်ခုအနေဖြင့် ယနေ့တိုင် ကျင့်သုံးလိုက်နာခြင်းနိုင်ခြင်းကို အစဉ်လာကောင်းတစ်ခုအဖြစ်လည်း အများစုကရှုမြင်နေကြပါသည်။ ***** ပြောစရာတစ်ခုတော့ရှိလာသည်။ ရှင်းလင်းမြင်သာသည့်အချက်တစ်ချက်လည်းဖြစ်ပါသည်။ လူဦးရေ ၂၅-သန်းကျော်ရှိသော သီရိလင်္ကာနိုင်ငံတွင် နှစ်သောင်းခွဲကျော်ရှိသော ရဟန်း-သာမဏေများကို အရိုသေပေးမှု၊ ဘာသာတရားကို လေးစားလိုက်နာမှုမှာ အပြည့်ဝဟု မဆိုသာသော်လည်း ရာနှုန်းပြည့်နီးပါး ရှိနေသေးသည်။ ဥပမာအားဖြင့်ဆိုသော် အကြောင်းကိစ္စအမျိုးမျိုးကြောင့် မည်သည့်ရုံးကိုပင်သွားသွား ရဟန်းတော်များကို ဦးစားပေးသည်။ သီရိလင်္ကာတွင်ရှိသော နိုင်ငံခြားသံရုံးများပင် ထိုအစဉ်လာကို လိုက်နာကြသည်ကို တွေ့ရသည်။ ဗုဒ္ဓရုပ်ပွားတော်များကို အစိုးရရုံးတိုင်းနှင့် အချို့ပုဂ္ဂလိကရုံးများတွင် အများပြည်သူ ဖူးမြင်နိုင်သောနေရာတွင် စနစ်တကျ ပူဇော်ထားသည်။ ထို့ပြင် ရဟန်းတော်များ အကြောင်းအမျိုးမျိုးကြောင့် လိုင်းကားတိုးစီးလာလျှင်လည်း မည်သူ့ကိုမျှ လက်တို့ပြောနေစရာမလို။ အားလုံးက လိုလိုချင်ချင် ထပေးကြသည်။ လိုင်းကားတိုင်းတွင် ရဟန်းတော်များအတွက် သီးသန့်သတ်မှတ်ထားသော ခုံများရှိသည်။ ထိုခုံများတွင် ရဟန်းတော်များ ရှိနေလျှင်မူ အခြားခုန်အသီးသီးတွင် ထိုင်နေကြသော ကြီးငယ်မဟူ ယောက်ျား-မိန်းမတိုင်းက ထပြီးနေရာပေးဖို့ရာ ၀န်မလေးကြ။ အဘယ်ကြောင့်နည်း? (သီရိလင်္ကာအပါဝင် သိမှတ်ဖူး၊ရောက်ဖူးသမျှ နိုင်ငံတိုင်းရှိ အများပြည်သူသုံး ကား၊ရထားတို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်ကြီးရွယ်အိုများအတွက် သီသန့်ခုံများ သတ်မှတ်ပေးထားသည်ကို တွေ့ရသည်။) သီရိလင်္ကာရှိ အခြေခံနှင့် အထက်တန်း စာသင်ကျောင်းများ၌ ဗုဒ္ဓစာပေကို အတန်းစဉ်တိုင်းတွင် ပြဌာန်းကျမ်းစာတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ထိုပြင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာသင်တန်းရှိသည်။ တက္ကသိုလ်ကျောင်းသားများမှအပ အားလုံးတက်ရောက်ကြရသည်။ ဆရာ-ဆရာမများနှင့် ကျောင်းရှိသံဃာတော်များက သင်ပေးကြသည်။ တက္ကသိုလ်တိုင်းနီးပါးတွင် ဗုဒ္ဓစာပေ လေ့လာရေးဆိုင်ရာ ဌာနတစ်ခုကိုလည်း သီးသန့််ထားပေးသည်။ ထိုအချက်များသည် ဗုဒ္ဓသာသနာနှင့် သာသနာ့ဝန်ထမ်း ရှင်၊ရဟန်းများကို ဦးစာပေးသည့် အကြောင်းများစွာထဲမှ အကြောင်းအချို့ ဖြစ်နိုင်စရာရှိပါသည်။ စာဖတ်သူများကိုယ်တိုင် သုံးသပ်ကြည့်ကြပါလေ။ အထက်တွင်ပြောခဲ့သည့်အတိုင်း ရဟန်းတော်အများစုက အစိုးရကျောင်းများ၊ တက္ကသိုလ်များတွင် ဆရာများအဖြစ် သင်ကြားနေသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်စရာရှိပါသည်။ ထိုထက်မှာမူ အစိုးရကိုယ်တိုင်က သာသနာတော်ကို အထူးအလေးပြုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ကောက်ချက်တစ်ခုကို ဆွဲကြည့်ရပါမူ မည်သူက မည်မျှပင် အားပေးထောက်ပံ့ပေးနေစကာမူ သာသနာ့ဝန်ထမ်း ရှင်-ရဟန်းတို့ကိုယ်တိုင်က ဒကာ-ဒကာမတို့၏ သံသရာအကျိုးသာမက ပစ္စုပ္ပန်အကျိုးကိုပါ ရရှိအောင် စွမ်းဆောင်နိုင်သောကြောင့်သာ ဖြစ်ပါသည်။ အားနည်းချက်အဖြစ် ပြောရပါမူ လူမှုရေးလုပ်ငန်းများတွင် လုံးဝနစ်မြုပ်သွားသောကြာင့် ရဟန်းတော်များ ကျင့်သုံးလိုက်နာရမည့် ဆွမ်းခံထွက်ခြင်းကဲ့သို့သော အဓိကအချက်များ လျော့ရဲ့လာသည်ကို တွေ့ရပြန်သည်။ သို့ရာတွင် ဗုဒ္ဓညွှန်ပြသည့် မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ဟန်ချက်ညီညီ ကျင့်သုံးနိုင်လျှင် နှစ်ဦးနှစ်ဖက်ကျိုးကို ဖြစ်ထွန်းစေလိမ့်မည်ပင်။ လိုလျှင်ကြံဆ၊ နည်းလမ်းရမဟုတ်ပါလား? ***** မြန်မာနိုင်ငံတွင် လူဦးရေ ၅၅-သန်းကျော်ရှိပြီး၊ သာသနာ့ဝန်ထမ်း ရှင်-ရဟန်းများနှင့် သာသနာ့နွယ်ဝင် သီလရှင်တို့မှာ ငါးသိန်းဝန်းကျင်ရှိသည်ဟု သိရသည်။ နိုင်ငံတစ်ဝှန်းတွင် ရဟန်းတော်များကို ဦးစားပေးသည့်နေရာမှာ အတော်ရှားပါးလာသည်။ ရုံးများကို ရောက်သွားလျှင်လည်း သူလိုငါလိုပင် ဆက်ဆံသည်။ ဆေးရုံများတွင်မူ ရဟန်း-သာမဏေများကို မာန်မဲလေ့ရှိသည်ကိုပင် တွေ့ရသည်။ လိုင်းကားများတွင်လည်း ရဟန်းတော်များအတွက် သီးသန့်နေရာများပင် သတ်မှတ်ပေးစေကာမူ ထိုင်နေသူများက ရဟန်းတော်များတက်လာလျှင် အိပ်ပျော်ချင်ယောင် ဆောင်နေတတ်သည်။ မမြင်ချင်ယောင် ဆောင်နေတတ်သည်။ လိုင်းကားသမားတို့ကလည်း ရဟန်းသာမဏေများကို လိုလိုလားတင်ဆောင်ခြင်း နည်းပါးသည်။ ဆက်ဆံရေးပိုင်းတွင်လည်း ကြည့်ပါဦး။ ”ဘုန်းဘုန်း! သားတို့၊သမီးတို့ ပြန်တော့မယ်” ဖြစ်လာသည်။ အရွယ်ရောက်သူတို့ကလည်း ကျနော်၊ကျမဖြစ်လာသည်။ အရှင်ဘုရား၊ တပည့်တော်ဆိုတာတွေ ပျောက်လာသည်။ ခြုံးပြောရလျှင် ဆရာ/ဒကာဆက်ဆံရေးမှာ သိသိသာသာယိုင်နဲ့လာသည်။ ငါက ဘုန်းကြီးတွေနဲ့ စကားမပြောတတ်ပါဘူး။ မင်းတို့ပဲပြောလိုက်ပါဆိုတာတွေ ဖြစ်လာသည်။ …….? ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်ပါစို့။ မြန်မာနိုင်ငံတွင်ရှိသော ရဟန်း-သံဃာတော်များတွင် အများစုသည် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိသည်မှာ သိသာထင်ရှားသည့် အချက်တစ်ခုဖြစ်သည်။ သဘာဝဘေးအန္တရာယ်၊ မုန်တိုင်းဒဏ်သင့်စသည်တို့တွင် ပါဝင်လုပ်ဆောင်ခြင်းစသော လူသားချင်းစာနာမှု လုပ်ငန်းများတွင်လည်း လက်ရှိအရေတွက်နှင့် ယှဉ်ကြည့်လိုက်လျှင် အနည်းစုသော သံဃာတော်များသာ ပါဝင်လုပ်ဆောင်ကြသည်ကိုတွေ့ရသည်။ ပညာရေးဘက်တွင်လည်း ယနေ့ခေတ်လူငယ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေမည့်ဘက်ကို အထူးတလည်းညွှန်ကြားပြသသူ နည်းလာသည်။ ဤသို့ဖြင့် မိမိတို့နေ့စဉ်ဘ၀၊ စားဝတ်နေရေးနှင့် အလှမ်းမသင့်ဟု လူအများစုကထင်လာချိန်တွင် ဘုန်းကြီးကျောင်းများကို ရောက်ပေါက်သူ နည်းလာသည်။ ရဟန်းတော်များနှင့် ဆက်ဆံရေးပါးလာသည်။ အကျိုးဆက်အားဖြင့် အရိုသေတတ်မှု အလေးထားတတ်မှုတွေ မဲ့လာသည်။ ကျောင်းသူကျောင်းသာများ အားလပ်ရပ်ဖြစ်သည့် နွေရာသီကာလတိုလေးမှာပင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သောသင်တန်းများ ပို့ချပေးသည့် ရှင်ရဟန်းများ နည်းပါးလာသည်။ လုံးဝမရှိဟုမဆိုပါ။ သံဃာအရေတွက်နှင့် ယှဉ်ကြည့်လျှင် လုပ်ဆောင်သူက နည်းပါးခြင်းကိုသာပြောပါသည်။ ဘ/က(ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်းတွေလည်း အသက်ဝင်မှုနည်းလာသည်။ နောက်တစ်ဆင့်အားဖြင့် လောကီပညာရေးနှင့် လောကုတ္တရာပညာရေးကို ခွဲခြားမြင်လာသည်။ လောကုတ္တရာပညာရေးဆိုသည်မှာ လောကီကျောင်းသားတွေနဲ့မဆိုင်၊ ရဟန်း-သမဏေတို့သာ သင်ရမည်။ ထိုပညာရေးသည် ယနေ့ခေတ်လူငယ်များကို ဘာမျှအထောက်ကူမပြုနိုင်စသဖြင့်-မြင်လာသည်။ တစ်ဖက်ကနေလည်း ဤသို့တုန့်ပြန်လာနိုင်သည်။ “ဒါတွေက လောကီအလုပ်တွေ။ ဗုဒ္ဓတရားတော်များသည် ဒုက္ခအားလုံးချုပ်ငြိမ်းဖို့ သံသရာမှလွတ်မြောက်ဖို့ဖြစ်သည်။ ရဟန်းတော်များသည် မိမိတို့ဆိုင်ရာ (ဂန္ထဓူရ၊၀ိပဿနာဓူရ) စာသင်စာကျက်လုပ်ငန်းနှင့် တရားထိုင်ခြင်းဖြင့်သာ နေထိုင်ရမည်။” သို့ဆိုသော် ဗုဒ္ဓတရားတော်များသည် လူတို့၏နေ့စဉ်ဘ၀နှင့် လုံးဝကင်းသွားပေတော့မည်။ လူသားတွေ ချမ်းသာဖို့ (ဗဟုဇန ဟိတာယ)၊ လူသားတွေငြိမ်းချမ်းဖို့ (ဗဟုဇန သုခါယ)ဆိုသော ဗုဒ္ဓလမ်း၏ ညွှန်ချက်များသည်လည်း တစ်သီးတစ်ခြား ဖြစ်သွားပေတော့မည်။ အကောင်းဘက်ကနေ မြင်ကြည့်ရလျှင် ထိုကဲ့သို့ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု နည်းသောကြောင့် ဆွမ်းခံထွက်ခြင်းကဲ့သို့သော သာသနာ့လုပ်ငန်းများ မပျက်ကွက်ဟု ထောက်ပြလာနိုင်ပါသည်။ ထိုအချက်သည် ရဟန်းတော်များကို အရိုသေတန်လာဖို့အတွက် လုံလောက်သော အကြောင်းပြချက်တစ်ခုတော့ မဟုတ်နိုင်ပါ။ သို့ရာတွင် စဉ်းစားသင့်သော အချက်တစ်ခုအနေဖြင့် ထားခဲ့ကြပါစို့။ အခြားရှုထောင့်ကနေ မြင်ကြည့်ရလျှင် ဒါတွေမလုပ်လို့ မြန်မာနိုင်ငံမှာ သာသနာပျက်နေပြီလား? ကွယ်နေပြီလား? ထိုကဲ့သို့ကား မဟုတ်ပါ။ သို့ရာတွင် အလှူရေစက်လက်နှင့်မကွာ ကျင့်သုံးနေသူများ၊ သီလဆောက်တည်နေသူများ၊ တရားဘာဝနာ ပွားများနေသူများလည်း အများပြားပင် ရှိနေပါသေးသည်။ စေတီ၊ပုထိုးများလည်း ရွှေရောင်တ၀င်းဝင်းပင် ရှိနေပါသေးသည်။ မည်သို့ဆိုစေ လိုင်းကားပေါ်ရောက်လာလို့တောင်မှ ခဏတာနေရာလေးကို မပေးလှူချင် စတာတွေကိုတော့ မေ့ထားလို့မရ။ ထိုအလှူတန်းကို လုပ်နေသူအချို့တောင် ကိုရင်ငယ်များကို အလုပ်ရှင်က အလုပ်သမားကို ခိုင်းပုံမျိုးကိုလည်း တွေ့နေရသောကြောင့်ဖြစ်သည်။ ထိုပြင် မျိုးဆက်သက်လူငယ် အများစုတို့၏ နှလုံးသားတွင် သာသနာ့အဆုံးမများ မတည်ရှိသေးသည်ကိုတော့ လက်ခံရပေမည်။ ပျောက်ကွယ်နေသည်မဟုတ်ပါ။ မရှိသေးသည်သာဖြစ်ပါသည်။ ရဟန်းတော်အများစုက သင်ပေးရမည့်တာဝန်ကို မသင်ပေးသောကြောင့်သာဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အချို့ရဟန်းတော်များ ခေတ်လူငယ်တွေ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းကနေ အားပေးလာသည်ကို ကြားသိလာရသည်။ “အနာနဲ့ဆေး၊ တည့်အောင်ပေး ကုရေးမခက်ပါ”ဆိုသည့်အတိုင်း လိုအပ်ချက်ကို ပေးနိkင်ပါမှ လိုသူများရောက်လာပေလိမ့်မည်။ ဗုဒ္ဓမြတ်စွာသည် လူသားတို့၏ လောကုတ္တရာအကျိုးသာမက လောကီမျက်မှောက်ဖြစ်သော ကောင်းကျိုးများကိုလည်း အထူးအလေးထားတော်မူခဲ့သည်မှာ ငြင်းဆိုမရနိုင်သည့် အချက်ဖြစ်သည်။ ဥမာအားဖြင့် မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ် ကူဋဒန္တသုတ်တို့လို မြောက်များလှစွာသော အထောက်အထားများကို တွေ့နိုင်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လောကလိုအပ်ချက်ကို သို့မဟုတ် လတ်တလောလိုအပ်ချက်ကို အရင်ဖြည့်ဆည်းပေးပြီးမှ သံသရာလိုအပ်ချက်ကို ဖြည့်တင်းကြလျှင် နှစ်ဦးနှစ်ဖက် အကျိုးများပေလိမ့်မည်။ အောက်ပါဖြစ်စဉ်များကို စဉ်းစားသုံးသပ်စေလိုပါသည်။ တစ်ခါတွင် မြတ်စွာဘုရားနှင့် နောက်ပါရဟန်းတော်များသည် ကျေးရွာတစ်ရွာသို့ ရောက်ရှိကြသည်။ ရွာသူ/ရွာသားများအားလုံးသည် ဘုရားရှင်နှင့် သံဃာတော်များထံကို ဖူးမျှော်ရောက်လာကြသည်။ ထို့နောက် နေ့လည်ဆွမ်းဖြင့် ပြုစုလုပ်ကျွေးကြသည်။ ဗုဒ္ဓဘုရားရှင်ထံတော်မှ အနုမောဒနာတရားတော်ကို နာယူကြရန် အားလုံးက အသင့်ပြင်ဆင်နေပြီးဖြစ်သော်လည်း ဘုရားရှင်က တစ်စုံတစ်ဦးကို စောင့်ဆိုင်းဟန်ရှိနေသည်။ ခဏအကြာတွင် တောအရပ်ကနေ ပျောက်ဆုံးနေသည့် မိမိ၏နွားကို ရှာရာမှပြန်လာသော ရွာသားတစ်ယောက်ကို မြင်ကြလေသည်။ ထိုသူသည်လည်း တရားနာပရိသတ်ကိုမြင်သဖြင့် တရားနာကြားရန် ဘုရားရှင်နှင့် လူအုပ်ရှိရာသို့ ရောက်လာခဲ့သည်။ ထိုအခါ ဘုရားရှင်က နွားရှာပြီးပြန်လာသူကို ထမင်းဦးစွာကျွေးရန် မိန့်တော်မူလေသည်။ စင်စစ်အားဖြင့် ထိုနွားပျောက်ရှာသူတစ်ယောက် တရားထူးရနိုင်ဖို့အတွက်နှင့် ကျန်သောသူများ ကောင်းမှုထူးရာစေဖို့ရာအတွက် ဤရွာငယ်လေးကို ဘုရားရှင်နှင့် သံဃာတော်များ ကြွရောက်တော်မူလာခြင်းဖြစ်သည်။ တရားထူးရဖို့ရာပင် အကြောင်းရှိသော်လည်း ဗိုက်ဆာနေသူသည် တရားကိုကောင်းစွာ နှလုံးမသွင်းနိုင်သည်ကို သိတော်မူသော ဘုရားရှင်က လက်ရှိလိုအပ်ချက်ကို ဦးစွာဖြေရှင်းပြီးမှ သံသရာလိုအပ်ချက်ကို ဖြည့်တော်မူခဲ့ခြင်းဖြစ်သည်။ တရားထူးရာဖို့ရာအတွက် ပတ်ဝန်းကျင်နှင့် အချိန်ခါသည် အရေးကြီးလှသည်။ ဥပမာအားဖြင့် မေတ္တသုတ်လာ ဖြစ်စဉ်တစ်ခုဖြင့် သိနိုင်သည်။ တောအုပ်တစ်ခုတွင် တရားထိုင်မရ၍ ပြန်ရောက်လာသည့် ရဟန်းတော်များကို လက်ရှိနေထိုင်ရာ တောအုပ်သည်သာ အသင့်တော်ဆုံးကို သိမြင်တော်မူသော ဘုရားရှင်သည် အဆိုပါရဟန်းတော်များအား မေတ္တာပွားများပြီးမှ တရားအားထုတ်ကြရန် မှာကြားလိုက်ပြီး ၄င်းတို့နေရင်းတောကိုပင် ပြန်လွှတ်လိုက်သည်။ နောက်တစ်ခုကိုကြည့်ပါ။ စည်းစိမ်ပျက်စီးပြီး မိဘများလည်း လောလောလတ်လတ် သေဆုံးထားရုံသာမက သားသေလင်ဆုံးကိန်းကိုပါ ထပ်ကြုံတွေ့နေရသည့် ပဋာစာရီသည် လောကဓံလှိုင်းအောက်တွင် အရူးတပိုင်းဖြစ်အောင်ပင် ခံစားလိုက်ရသည်။ ဘုရားရှင် တရားဟောကြားနေရာ ပရိသတ်များရှေ့သို့ အ၀တ်မပါ ဗလာချည်းဖြင့်ရောက်လာသည်။ တရားနာပရိသတ်တို့က သူ့ကိုမောင်းထုတ်ကြသည်။ ထိုအခါ ဘုရားရှင်က ဟန့်တားတော်မူပြီး တစ်စုံတစ်ရာဝတ်ဖို့ပေးရန် မိန့်တော်မူလေသည်။ အခါတစ်ပါးတွင်လည်း မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ပင် ဂိလာနရဟန်းတစ်ပါးကို ပြုစုတော်မူခဲ့သည်။ ဤသို့သော ဖြစ်စဉ်များ ဗုဒ္ဓစာပေများတွင် များစွာရှိပါသည်။ အားလုံးသိကြပြီးဖြစ်သည့်အတိုင်း ဘုရားဖြစ်တော်မူပြီး ပထမဦးဆုံးအကြိမ်ဖြစ် ရဟန်းတော်များကို သာသနာပြုစေလွှတ်ရာတွင် “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ…..မာ ဧကေန ဒွေ အဂမိတ္ထ၊ ဒေသထ ဘိက္ခဝေ ဓမ္မံ…” (၀ိ၊ ၃၊ ၂၇) “ရဟန်းတို့၊ သတ္တ၀ါအပေါင်းတို့ ချမ်းသာခြင်း အလို့ငှါ ဒေသစာရီ ကြွချီကြ၊ တစ်ခုတည်းသော ခရီးဖြင့် နှစ်ပါးမသွားကြကုန်လင့်၊ ရဟန်းတို့… တရားဓမ္မကို ဟောပြောကြ”စသဖြင့် မိန့်တော်မူခဲ့သည်။ တရားဂုဏ်တော်ခြောက်ပါးတွင်လည်း သန္ဒိဋ္ဌိကဂုဏ်တော်သည် လက်ငင်းအကျိုးကို ဆိုလိုပါသည်။ ထိုလက်ငင်းအကျိုး ဆိုသည်မှာလည်း လောကီ-လောကုတ်နှစ်မျိုးလုံး အကျုံးဝင်လေသည်။ လူတို့၏ နေ့စဉ်ဘ၀အတွက် ဟောကြားညွှန်ပြထားသော တရားတော်များသည် လူအများစု၏ နေ့စဉ်ဘ၀မှ သွေဖည်သွားလျှင် ဗုဒ္ဓတရာတော်များကို နည်းမှန်လမ်းမှန်ဖြင့် အသုံးချရာ မရောက်နိုင်တော့ပေ။ လူအမျိုးမျိုးနှင့် ပုဂ္ဂိုလ်အသီးသီးတို့၏ ဥာဏ်အနု/အရင့်ကိုလိုက်၍ သစ္စာလေးပါးတန်သူကို နိဗ္ဗာန်ထိအောင်ပို့၍ သားမယားကို ချီမြှင့်ထောက်ပံ့ခြင်းသည် ကောင်းမြတ်လှသည်ဟုသာ သင့်တော်သူ့ကို မင်္ဂလာတရားတော်မျှဖြင့်သာ ဟောပြောညွှန်ပြထားခြင်းများကိုလည်း တွေ့နေရသည်ကို စာဖတ်သူများလည်း သတိထားမိပြီးဖြစ်ပေမည်။ နိဂုံးချုပ်အာဖြင့်ဆိုရပါမူ ရှေးဆရာတော်ကြီးများ မိန့်တော်မူသည့်အတိုင်း သာသနာ့ဝန်ထမ်း ရှင်-ရဟန်းတို့သည် သာသနာ့ဝန်ထုပ်များ၊ သာသနာ့ဝန်းစီးများ မဖြစ်ကြဖို့လိုသည်။ ချီးမြှောက်ခြင်းနှစ်မျိုးရှိရာတွင် ဓမ္မတစ်မျိုးတည်းဖြင့်သာ ချီးမြှောက်၍ အာမိသဖြင့် မချီးမြှောက်လျှင် သာသနာတော် ရေရှည်တည်တံ့ဖို့မဖြစ်နိုင်သည်ကို သတိပြုရပေမည်။ လူအများစုတို့၏ ပညာသင်ကြားရခြင်း၏ အခြေခံအကြောင်းရင်းသည် အဓိကအားဖြင့် စား၊၀တ်၊နေရေး အဆင်ပြေမှုအတွက်သာ ဖြစ်သည်။ ထို့နောက်မှသာလျှင် လိုရာပန်းတိုင် အသီးသီးကို တစ်ဆင့်လှမ်းကြခြင်းဖြစ်သည်။ ရှေးအခါက ဘုန်းတော်ကြီးကျောင်းပညာရေးသည် လူတို့၏ နေ့စဉ်ဘ၀လိုအပ်ချက်များကို အတိုင်းတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ဘုန်းကြီးသင်ပေးသည့် ပညာရေးက အလုပ်လျှောက်လို့မရပါဘူးဟု လူအချို့၏ တွေးဆချက်သည် မှားသည်ဟု မဆိုသာသော်လည်း ပညာရပ်တစ်ခုပေါ် ထိုကဲ့သို့ကောက်ချက်ချခြင်းမှာ မမှန်နိုင်ပေ။ ပညာ၏တန်ဖိုးမှာ ထိုထိုပညာရပ်ကို အသုံးချသူနှင့် ဘယ်လိုအသုံးချရမည်ဆိုတာကို ညွှန်ပြသူတို့သည်သာလျှင် အဓိကျသောကြောင့် ဖြစ်သည်။ အရာအားလုံးအပေါ် ယောနိသောမနသိကာရဖြင့် သင့်တင့်စွာ နှလုံးသွင်း ကျင့်ကြံနိုင်လျှင် ဗုဒ္ဓတရားတော်များသည် နေ့စဉ်လူနေမှုဘ၀အတွက်သာမက သံသရာခရီးမှ လွတ်မြောက်ဖို့ရာအတွက်ပါ အထူးကောင်းမွန်ပြည့်စုံသော လမ်းညွှန်ချက်များဖြစ်သည်ကို ကိုယ်တိုင်ကျင့်သုံးသူမျာက ထောက်ခံပေလိမ့်မည်။ အနော်ရထာ၊ သီရိဓမ္မာသောမင်းတို့လို ထင်ရှားသောသူများကလည်း သမိုင်းတွင် သက်သေခံခဲ့ပြီးဖြစ်သည်။ ။


အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

တက္ကသိုလ် ရဟန်းပျို ဓမ္မစာစောင် အတွဲ(၁) ၊ အမှတ်(၁) Cover Design

Printer အလှုရှင်

Wednesday, August 15, 2012

ဖိတ်မန္တက ပြုခြင်း

မိုးမလင်းညများအကြောင်း

ငါတို့ချည်ခဲ့တဲ့ ကြိုးတွေပဲ
တစ်ဘ၀ပြီး တစ်ဘ၀.....။
ငါတို့ဘယ်လို လုပ်ကြမှာလဲ
ဖြေဖို့ အစပျောက်ခဲ့ပြီ.....။
ဒီလိုနဲ့ပဲ မိုးလင်းမိုးချုပ်
ငါတို့ဘ၀တွေ စုန်းစုန်းမြုပ်ခဲ့ပြီ
သင်္ခါရတရားကို မသိသေးသမျှ
ငါတို့တွေ မိုးချုပ်နေတာမှန်း
ငါတို့ မသိခဲ့ကြဘူး..........။

ငါတို့တွေဟာ မြင်နေတဲ့ အကန်းတွေပဲ
ကြားရတဲ့ နားထိုင်းတွေပဲ......။
ငါတို့ရဲ့ မြစ်တွေကို
စီးဆင်းအောင် ကြိုးစားပြီး
အခြားမြစ်တွေ တိမ်ကောသွားကြတာကို
မေ့ပျောက်ဖို့  ကြိုးစားခဲ့တယ်......။

ငါတို့ အိမ်ကြီး ကြီးလာသမျှ
အခြားအိမ်လေးတွေ
ငယ်ငယ်သွားကြတာကို
ဝမ်းသာကြတယ်.......။

သေချာပါတယ်
ငါတို့ တွေ
မိုးမလင်းညတွေထဲ
ဆက်လျှောက်ကြရဦးမှာပဲလေ.......။

                                       ဝေလွန်သင်း(တောင်တွင်း)

အထုပ်ကို ဖြည်ကြည့်တဲ့ အခါ

ဒီပွဲမှာ တစ်ချို့တွေရှုံးခဲ့ကြတယ်
တစ်ချို့ကြ အမြတ်ကြီးကြီးရသွားပြန်ရော
တစ်ချို့ အနာတရ လဲကျကွဲကျ..........။

လာတုန်းကလည်း
ငါတို့ တွေ ယူလာခဲ့ကြပါတယ်
ပြန်တော့လည်း ယူသွားကြရတယ်.....။

ဗလာနဲ့ လာတဲ့ လူလည်းမရှိ
ဗလာနဲ့ ပြန်တဲ့ လူလည်းမရှိ
ငါ့တို့ရဲ့ အထုပ်
ငါတို့ဖြည်ကြည့်တော့

တစ်ချို့ ဒါန ၊ သီလ ၊ ဘာဝနာ
တစ်ချို့ရာထူး ၊ ဂုဏ် ၊ ပစ္စည်း
တစ်ချို့လေးလေးပင်ပင်ကြီးတွေကို
မ,ပြီး အပေါ်တက်သွားကြတယ်...... ။

တစ်ချို့ပြန်မထနိုင်လောက်အောင်ကို
လေးလံသွားတယ်.........။
ငါတို့တွေ ဘာကို ယူပြီးကြပြီလဲ
သေချာတာကတော့
အချိန်မပြည့်ခင်
မရှုံးဖို့ပါပဲ............. ။

                                 လင်းသစ်

မေတ္တာပန်းခိုင်

ဆင်းရဲချမ်းသာ အလွှာပေါင်းစုံ
လူတို့ဘုံ၌ ကုံလုံပြည့်ဝ
နှလုံးလှဖို့ မေတ္တာနှင့်ယှဉ်
ကြိုးစားပြင်ခဲ့...........။

လဲနေသူလား ထူ၍သွားမည်
ချိုးနှိမ်စိတ်အား မေ့၍ထားခဲ့။
အောင်မြင် သူလား အားကျစကား
ဆို၍သွားမည် ...........။

အပြုံးမျက်နှာ မုဒိတာနှင့်
ကြီးပွားလိုစိတ် ယိုဖိတ်လာအောင်
ပို့ဆောင်ပေးခဲ့............။

ဆင်းရဲချမ်းသာ အကာပါတည်း
မေတ္တာနှင့်ယှဉ် ပြောဆိုလျှင်မူ
လူချစ်နတ်ချစ် ပန်းစစ်စစ်မို့ 
မည်သူပန်စေ ရနံ့ဝေခဲ့........။

ဝေေ၀ဆာဆာ ပွင့်လာစေကြောင်း
မေတ္တာလောင်း၍
ဖူးပွင့်အသီး ကြီးကြီးငယ်ငယ်
သွယ်သွယ်သေးသေး ချိုစိမ့်အေးမည်
မေတ္တာတန်ခိုး ပန်းလိုမျိုးပင်
စိုက်ပျိုးချင်ခဲ့ .................။

                                      တက္ကသိုလ် အရှင်ဥာဏိန္ဒ

ဒီလမ်း

မုန်တိုင်းတွေ ခင်းတဲ့လမ်း
မကြမ်းဘဲ ရှိပါ့မလား.............

မိုင်ထောင်ချီ ဝေးတဲ့လမ်း
မပန်းဘဲ ရှိပါ့မလား..............

လောကသာသနာ အတွက်
လျှောက်တဲ့လမ်း
ပန်းချင်ပန်း ၊ နွမ်းချင်နွမ်း........။

သံသရာ ခရီးကြမ်းထက်တော့
မရှည်ကြာနိုင်တဲ့ ဒီလမ်းထဲ

ယုံကြည်ရာ လက်တွဲ
ရဲရဲပေါ့ကွယ်....................

ယုံကြည်ရာ လက်ကမ်း
လှမ်းလိုက်စမ်းကွယ်................. ။ ။


                                        ရွှေဘုန်း ( စေတနာ ပန်းခင်း)