မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ဖခင်သုဒ္ဓေါဓနမင်းကြီး၏နိုင်ငံရှိ ကပိလ၀တ္ထုနေပြည်တော်ကို ကြွရောက်တော်မူခဲ့ရာ ဆွေတော်မျိုးများအားလုံးနှင့် တိုင်းသူပြည်သားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ သီတင်းသုံးဖို့ရာ လိုအပ်ရာရာများ ပြင်ဆင်ပေးပြီးနောက် နှစ်၊လများစွာ ကွဲကွာနေခဲ့ကြသည့်အလျောက် သာကြောင်းမာကြောင်းစသော အလ္လာပသလ္လာပ စကားများကို ပြောဆိုနေခဲ့ကြသည်။
တစ်နေ့တာကို အဆုံးသတ်မျဉ်းအဖြင့်သာရင်း နေမင်းကြီးကတော့ အနောက်ဂေါ်ယာကျွန်းဆီ ချဉ်းနင်းဝင်ရောက်ကာ ပျောက်ကွယ်သွားလေပြီ။ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ ခေတ္တသီတင်းသုံးနေထိုင်ရာ အရပ်သည်လည်း ဆိတ်ငြိမ်ရာလေးအဖြစ် ပေါ်လွင်ခဲ့လေပြီ။ အားလုံးအသီးအသီး အသက,အသက ပြန်သွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားရှင်နှင့်သံဃာတော်များကို နောက်တစ်နေ့အတွက်ဆွမ်းကို အလှူခံဖို့ရာအတွက် ဖိတ်မန္တကပြုခြင်း မရှိပါလေ။
သုဒ္ဓေါဓနမင်းကြီးကိုယ်တိုင်ကလည်း “ဖခင်၏ အရိပ်အာဝါသအောက်ကိုရောက်လာသော သားတော်သည် မိမိအိမ်(နန်းတော်)ကိုပင်ကြွရောက်ကာ နေ့လည်စာကိုသုံးဆောင်လိမ့်မည်”ဟု တွေးလျှက် အထူးတလည် ပင့်လျှောက်ခြင်းအလျဉ်းမရှိဘဲ နန်းတော်သို့ပြန်ခဲ့လေသည်။
နောက်တစ်နေ့ နေ့ဆွမ်းခံဖို့ရာ သင့်တော်သောအချိန်တွင် မည်သူမျှ လာရောက်ပင့်ဖိတ်မှု မရှိသောကြောင့် မြတ်စွာဘုရားသည် ရှေးဘုရားရှင်တို့အစဉ်လာကို ဆင်ခြင်တော်မူသောအခါ ဆွမ်းခံကြွခြင်းအလေ့ကို ပြုတော်မူခဲ့ကြောင်းနှင့် ဆွမ်းခံကြွခြင်းကြောင့် ရရှိအပ်သော အလှူရှင်နှင့် အလှူခံပုဂ္ဂိုလ်တို့၏ များပြားလှသော အကျိုးကျေးဇူးတရားများကို တွေ့မြင်တော်မူခဲ့လေသည်။ ထိုကြောင့် နောက်ပါရဟန်းတော်များနှင့်အတူ စီတန်းလှည့်လည်ကာ အိမ်စဉ်ရပ်ဆွမ်းခံခြင်းကို စ,တင်တော်မူခဲ့သည်။
ထိုသတင်းကိုကြားသိလိုက်ရသော သုဒ္ဓေါဓနမင်းကြီးသည် ပြေးလျှင်မတင့်တယ်သော မင်းတို့၏အမူရာကိုပင် မေ့လျော့ကာ ဘုရားရှင်နှင့် နောက်ပါသံဃာတော်များ ဆွမ်းခံကြွတော်မူရာလမ်းကို တန်းတန်းမတ်မတ်ပြေးလွှားခဲ့ပြီး ဘုရားရှင်အား “ချစ်သား..! ဖခင်ကို အဘယ်ကြောင့် အရှက်ခွဲရပါသနည်း၊ သားတော်နှင့် နောက်ပါတပည့် နှစ်သောင်းကျော်ကို တစ်ရက်တည်းမဟုတ် တစ်သက်လုံးကျွေးထားရလည်း ဖခင်တတ်နိုင်ပါသည်”ဟု ဆိုလှာတော့သည်။
ထိုအခါ ဘုရားရှင်က ဆွမ်းခံကြွတော်မူခြင်းဓလေ့သည် ဘုရားရှင်တို့၏ အစဉ်လာဖြစ်ပြီး၊ အလှူရှင်များက သီးသန့်ပင့်ဖိတ်ထားခြင်းမရှိလျှင် ဆွမ်းခံကြွခြင်းကိုပင် လိုလိုလားလား ပြုတော်မူကြောင်း ပြန်လည်မိန့်တော်မူလေသည်။ ထို့အတူ ဘုရားရှင်၏ တပည့်၊ သာဝကများသည်လည်း ကျင့်သုံးတော်မူကြကြောင်းကိုပါ မိန့်တော်မူလေသည်။
*****
ဘုရားရှင်လက်ထက်တော်အခါက ရှင်ရဟန်းဖြစ်လိုသောသူများကို ဘုရားရှင်က “သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည် ပြည့်စုံပါပြီလား”ဟူသော မေးခွန်းတစ်ခုကိုပါ မေးတော်မူခဲ့သည်။ ယင်းတို့အထဲမှ သပိတ်သည် ဆွမ်းခံစားဖို့ရာအတွက် ဖြစ်ပါသည်။ မိမိ၏ သလုံးမြင်းခေါင်းကို အမှီပြုကာ အိမ်စဉ်လှည့်ပြီး အလှူရှင်များ မပင်မပမ်း လှူဒါန်းအပ်သော တစ်ဇွန်း၊တစ်ယောင်းမဆွမ်းကို အလှူခံခြင်းသည် မြတ်တော်မူကြောင်း ဘုရားရှင်က ပြသတော်မူခဲ့သည်။
ရှင်၊ရဟန်းသည် မိမိကိုယ်ကိုယ် ပျားပမာထား၍ အလှူရှင်တို့၏ သဒ္ဓါတရား၊ စည်းစိမ်ဥစ္စာနှင့်တူသော ပန်းဝတ်ရည်ကို မပျက်စီးအောင် သောက်သုံးဘိသကဲ့သို့ ကျင့်တော်မူကြရန် မိန့်တော်မူခဲ့လေသည်။
*****
ယခုခေတ်အခါတွင်လည်း ဘုရားရှင်၏ မိန့်မှာတော်မူချက်နှင့်အညီ ရဟန်းဖြစ်လျှင်ဖြစ်ခြင်း သိမ်တွင်းမှမထွက်မှီ အရေးကြီးလှသော “မှီရာလေးပါး၊ တည်ရာလေးပါး”ကို အထူးတလည် မှာကြားရသည်။ ယင်းတို့ကို ရဟန်းတော်တို့အတွက် “သေလေးပါး၊ ရှင်လေးပါး”ဟုလည်း အချို့ကဆိုကြသည်။ ယင်းတို့အထဲမှ တစ်ပါးမှာ “ရဟန်းဘ၀တွင် နေသမျှကာလပတ်လုံး ဆွမ်းခံ၍သာ စားရမည်”ဟု ဆိုထားပါသည်။ သို့ရာတွင် ထိုအရာအားလုံးသည် ရှေးဘုန်းရှေးကံရှိသူ (အတိရေကလာဘော) ရဟန်းတော်များအတွက် ခြွင်းချက်ရှိပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ဆွမ်းခံခြင်းအလေ့ထကို ဘုရားရှင်ချီးကျူးတော်မူခဲ့သည့်အတိုင်း ယနေ့တိုင်အောင် ထိမ်းသိမ်းထားနိုင်မှုသည် ကောင်းမြတ်သော အစဉ်လာဖြစ်သည်။
*****
သီရိလင်္ကာနိုင်ငံ တစ်ဝှန်းလုံးတွင် ဗုဒ္ဓပွင့်တော်မူရာ (ဗုဒ္ဓမွေးနေ့) ၂၆၀၀-ပြည့်နှစ် အခမ်းအနားများကို ကျင်းပကြသည်။ လမ်းတိုင်း၊ အိမ်တိုင်း၊ ယာဉ်တိုင်းနှင့် အစိုးရရုံးတိုင်း-နီးပါးမျှ သာသနာ့အလံတော်များကို လွှင့်ထူထားသည်မှာ ဗုဒ္ဓဘာသာတို့အဖို့ ကြည်နူးဖွယ်ရာအတိဖြစ်သော မြင်ကွင်းပင်။ သံဃာတော်များကို အလေးထားမှုနှင့် အရိုသေပေးမှုတို့ကို ကြည့်ခြင်းအားဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာ ထိပ်တန်းရောက်သည်ဟု ပြောလေ့ရှိသော သီရိလင်္ကာသားတို့ ပြောစကားမှာ သာမန်ကြည့်ရုံမျှနှင့်ပင် ယုံမှားစရာမလို။ သို့ရာတွင် ပြီးပြည့်စုံအောင် ကောင်းသည်ဟုတော့ မဆိုနိုင်ပေ။
သီရိလင်္ကာတွင် ၂၆၀၀-ပြည့် ဗုဒ္ဓနှစ်ပတ်လည်အခမ်းနားကို ကျင်းပရာတွင် သံဃာတော်များ တန်းစီ၍ ဆွမ်းခံကြွခြင်းကိုလည်း အစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းထားသည်။ သံဃာတော်များ တန်းဆွမ်းခံကြွတော်မူလာသည့်အခါ ဒကာ-ဒကာမများက သံဃာ့ဂုဏ်တော်များကို ရွတ်ဆိုကာ ဖူးမျှော်ကြ၊ ဆွမ်းများလောင်းလှူကြသည်။ သို့ရာတွင် သီရိလင်္ကာ(သီဟိုဠ်)ရှိ အချို့သော ရဟန်း၊သာမဏေများမှာ သပိတ်ပိုက်ပုံ၊ပိုက်နည်းတို့အား ကောင်းကောင်းမသိကြတော့သည်ကို မြင်ရ၊တွေ့ရသည်။ (သီရိလင်္ကတာတွင် နေ့စဉ်ဆွမ်းခံကြွသည့် ကျောင်းအချို့နှင့် တောနေရဟန်း အနည်းငယ်များလည်း ရှိသေးကြောင်းသိရပါသည်။ သို့ရာတွင် အများစုသော ရဟန်း၊သာမဏေများမှာ ဆွမ်းခံကြွလေ့ မရှိတော့ပါ။)
သီရိလင်္ကာတွင် ရဟန်း-သာမဏေများ ဆွမ်းခံထွက်သည်ကို အတော်ပင်တွေ့ရခဲသည်။ တောရပ်ဒေသများတွင်သာ ရံဖန်ရံခါတွေ့နိုင်တော့သည်။ မြို့ကြီးများတွင်မူ အထူးတလည်ပြုလုပ်သော အခမ်းနားမျိုးတွင်မှသာ ဆွမ်းခံခြင်းဓလေ့ကို တွေ့ရတော့သည်။ ယင်းကိုပင် အခမ်းနားတိုင်းမဟုတ်၊ အခါအားလျော်စွာသာဖြစ်သည်။
လူဦးရေ ၂၅-သန်းခန့်ရှိသော သီရိလင်္ကာနိုင်ငံတွင် ရဟန်း-သာမဏေနှင့် သာသနာ့နွယ်ဝင် သီလရှင်များမှာ နှစ်သောင်းခွဲခန့်ရှိသည်ဟု သိရပါသည်။ ထိုအထဲမှ ရဟန်းတော်အများစုသည် အစိုးရ၀န်ထမ်း အထက်တန်းကျောင်းဆရာများ၊ တက္ကသိုလ်ဆရာများ၊ ကျောင်းအုပ်ကြီးများ စသည်တို့ဖြစ်ကြသည်။ အဆိုပါရဟန်းများ၏ နေ့စဉ်ဘ၀ပုံရိပ်များသည် လူမှုရေးလုပ်ငန်းများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ နံနက်စောစော မိမိသီတင်းသုံးရာ ဘုန်းတော်ကြီးကျောင်းမှထွက်ကာ ညနေမိုးချုပ်မှပင် ကျောင်းကိုပြန်ရောက်ကြသည်။
အားလပ်ရက်ဖြစ်သော စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်၊ အများပြည်သူ အလုပ်နားရက်များတွင်မူ ကျောင်းတွင် တစ်နေကုန်ရှိနေတတ်သည်။ များသောအားဖြင့် စနေ၊တနင်္ဂနွေနေ့များတွင် ဆွမ်းစား၊ကွမ်းစားများရှိတတ်သည်။ ဆွမ်းစားမရှိသောရက်ကလည်း အတော်ပင်ရှားသည်။ ဆွမ်းစားမရှိပါကလည်း ဆွမ်းခံထွက်စရာမလို။ အချိန်ကျလျှင် အရုဏ်ဆွမ်း၊နေ့ဆွမ်းကို အလှည့်ကျ ဒကာ-ဒကာမများက ကျောင်းအရောက်လာပို့ကြသည်။ ကျန်သည့်နေ့များတွင်လည်း ထိုနည်းအတိုင်းပင်။ ကျောင်းမှာကျန်ရစ်သည့် ရဟန်း-သာမဏေတို့အတွက် ဆွမ်းလာပို့သည်။ သို့ဖြင့် အိမ်စဉ်ရပ် ဆွမ်းခံထွက်ခြင်းသည် ၄င်းတို့၏ နေ့စဉ်ဝတ္တရားတစ်ခုအဖြစ်မှ အလိုလိုပင်လျော့သွားသည်။ အရုဏ်ဆွမ်းခံထွက်ဖို့ကိုဝေးစွ နေ့ဆွမ်းခံကိုတောင်မှ ရံဖန်ရံခါအခမ်းနားများတွင်သာ မြင်ရတော့သည်။
မြန်မာနိုင်ငံတစ်ဝှန်းလုံးတွင် အရုဏ်ဆွမ်းခံ၊ နေ့ဆွမ်းခံများကို နေ့စဉ်မြင်တွေ့နေရသေးသည်။ အများအားဖြင့် နံက် ၄-နာရီခန့်တွင် တုန်းခေါက်အချက်ပေးသံကို ကြားရသည်။ မကြာမှီမှာပင် ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ တန်းစီကာဖြင့် အရုဏ်ဆွမ်းခံ ထွက်လာကြတော့သည်။ ယေဘုယျအားဖြင့် နံနက် ၅-နာရီခန့်လောက်တွင် အရုဏ်ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးတော့သည်။ နေ့ဆွမ်းခံကိုမူ ၉-နာရီခွဲ ၁၀-နာရီခန့်တွင် ကြွရောက်ကြ၍ နံနက် ၁၁-နာရီခန့်တွင် ဘုဉ်းပေးပြီးတော့သည်။ အရုဏ်ဆွမ်း-နေ့ဆွမ်းဘုဉ်းပေးပြီးနောက် ခေတ္တခဏသာ အထွေထွေလုပ်ငန်းများ လုပ်ကိုင်ကြ၊ အနားယူကြပြီးနောက် စာသင်-စာကျက်လုပ်ငန်းများ၊ တရားဘာဝနာ ကျင့်သုံးခြင်းများဖြင့် တစ်နေ့တာကုန်ကြတော့သည်။
သီရိလင်္ကာရဟန်းတော်များကမူ အရုဏ်ဆွမ်းကို နံက် ၇-နာရီခွဲ ၈-နာရီခန့်မှ ဘုဉ်းပေးလေ့ရှိပြီး၊ နေ့လည်ဆွမ်းကိုမူ နေ့လည် ၁၂-နာရီ၊ ၁၂-နာရီကျော်မှ သုံးဆောင်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် ထင်ရှားလှသည့် ဆရာတော်ကြီးအချို့ပင် ဆွမ်းခံထွက်လေ့ရှိသည်ကို တွေ့ရပါသေးသည်။ အတိုချုံးပြောရလျှင် သီရိလင်္ကာ ရှင်-ရဟန်းများအကြားတွင် ဆွမ်းခံခြင်းဓလေ့များ တစ်ဖြေးဖြေးနှင့် ပျောက်ကွယ်လာနေသော်လည်း မြန်မာနိုင်ငံရှိ ရှင်-ရဟန်းတို့၏ နေ့စဉ်ဘ၀တွင်မူ ဆွမ်းခံခြင်းသည် အရေးပါလျှက်ပင်ရှိသည်။ ဆွမ်းခံခြင်းကိုပင် ဘုရားရှင် ချီးကျူးတော်မူခဲ့သော ကျင့်ဝတ်တစ်ခုအနေဖြင့် ယနေ့တိုင် ကျင့်သုံးလိုက်နာခြင်းနိုင်ခြင်းကို အစဉ်လာကောင်းတစ်ခုအဖြစ်လည်း အများစုကရှုမြင်နေကြပါသည်။
*****
ပြောစရာတစ်ခုတော့ရှိလာသည်။ ရှင်းလင်းမြင်သာသည့်အချက်တစ်ချက်လည်းဖြစ်ပါသည်။ လူဦးရေ ၂၅-သန်းကျော်ရှိသော သီရိလင်္ကာနိုင်ငံတွင် နှစ်သောင်းခွဲကျော်ရှိသော ရဟန်း-သာမဏေများကို အရိုသေပေးမှု၊ ဘာသာတရားကို လေးစားလိုက်နာမှုမှာ အပြည့်ဝဟု မဆိုသာသော်လည်း ရာနှုန်းပြည့်နီးပါး ရှိနေသေးသည်။
ဥပမာအားဖြင့်ဆိုသော် အကြောင်းကိစ္စအမျိုးမျိုးကြောင့် မည်သည့်ရုံးကိုပင်သွားသွား ရဟန်းတော်များကို ဦးစားပေးသည်။ သီရိလင်္ကာတွင်ရှိသော နိုင်ငံခြားသံရုံးများပင် ထိုအစဉ်လာကို လိုက်နာကြသည်ကို တွေ့ရသည်။ ဗုဒ္ဓရုပ်ပွားတော်များကို အစိုးရရုံးတိုင်းနှင့် အချို့ပုဂ္ဂလိကရုံးများတွင် အများပြည်သူ ဖူးမြင်နိုင်သောနေရာတွင် စနစ်တကျ ပူဇော်ထားသည်။
ထို့ပြင် ရဟန်းတော်များ အကြောင်းအမျိုးမျိုးကြောင့် လိုင်းကားတိုးစီးလာလျှင်လည်း မည်သူ့ကိုမျှ လက်တို့ပြောနေစရာမလို။ အားလုံးက လိုလိုချင်ချင် ထပေးကြသည်။ လိုင်းကားတိုင်းတွင် ရဟန်းတော်များအတွက် သီးသန့်သတ်မှတ်ထားသော ခုံများရှိသည်။ ထိုခုံများတွင် ရဟန်းတော်များ ရှိနေလျှင်မူ အခြားခုန်အသီးသီးတွင် ထိုင်နေကြသော ကြီးငယ်မဟူ ယောက်ျား-မိန်းမတိုင်းက ထပြီးနေရာပေးဖို့ရာ ၀န်မလေးကြ။ အဘယ်ကြောင့်နည်း?
(သီရိလင်္ကာအပါဝင် သိမှတ်ဖူး၊ရောက်ဖူးသမျှ နိုင်ငံတိုင်းရှိ အများပြည်သူသုံး ကား၊ရထားတို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်ကြီးရွယ်အိုများအတွက် သီသန့်ခုံများ သတ်မှတ်ပေးထားသည်ကို တွေ့ရသည်။)
သီရိလင်္ကာရှိ အခြေခံနှင့် အထက်တန်း စာသင်ကျောင်းများ၌ ဗုဒ္ဓစာပေကို အတန်းစဉ်တိုင်းတွင် ပြဌာန်းကျမ်းစာတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ထိုပြင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာသင်တန်းရှိသည်။ တက္ကသိုလ်ကျောင်းသားများမှအပ အားလုံးတက်ရောက်ကြရသည်။ ဆရာ-ဆရာမများနှင့် ကျောင်းရှိသံဃာတော်များက သင်ပေးကြသည်။ တက္ကသိုလ်တိုင်းနီးပါးတွင် ဗုဒ္ဓစာပေ လေ့လာရေးဆိုင်ရာ ဌာနတစ်ခုကိုလည်း သီးသန့််ထားပေးသည်။ ထိုအချက်များသည် ဗုဒ္ဓသာသနာနှင့် သာသနာ့ဝန်ထမ်း ရှင်၊ရဟန်းများကို ဦးစာပေးသည့် အကြောင်းများစွာထဲမှ အကြောင်းအချို့ ဖြစ်နိုင်စရာရှိပါသည်။ စာဖတ်သူများကိုယ်တိုင် သုံးသပ်ကြည့်ကြပါလေ။
အထက်တွင်ပြောခဲ့သည့်အတိုင်း ရဟန်းတော်အများစုက အစိုးရကျောင်းများ၊ တက္ကသိုလ်များတွင် ဆရာများအဖြစ် သင်ကြားနေသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်စရာရှိပါသည်။ ထိုထက်မှာမူ အစိုးရကိုယ်တိုင်က သာသနာတော်ကို အထူးအလေးပြုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ကောက်ချက်တစ်ခုကို ဆွဲကြည့်ရပါမူ မည်သူက မည်မျှပင် အားပေးထောက်ပံ့ပေးနေစကာမူ သာသနာ့ဝန်ထမ်း ရှင်-ရဟန်းတို့ကိုယ်တိုင်က ဒကာ-ဒကာမတို့၏ သံသရာအကျိုးသာမက ပစ္စုပ္ပန်အကျိုးကိုပါ ရရှိအောင် စွမ်းဆောင်နိုင်သောကြောင့်သာ ဖြစ်ပါသည်။ အားနည်းချက်အဖြစ် ပြောရပါမူ လူမှုရေးလုပ်ငန်းများတွင် လုံးဝနစ်မြုပ်သွားသောကြာင့် ရဟန်းတော်များ ကျင့်သုံးလိုက်နာရမည့် ဆွမ်းခံထွက်ခြင်းကဲ့သို့သော အဓိကအချက်များ လျော့ရဲ့လာသည်ကို တွေ့ရပြန်သည်။ သို့ရာတွင် ဗုဒ္ဓညွှန်ပြသည့် မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ဟန်ချက်ညီညီ ကျင့်သုံးနိုင်လျှင် နှစ်ဦးနှစ်ဖက်ကျိုးကို ဖြစ်ထွန်းစေလိမ့်မည်ပင်။ လိုလျှင်ကြံဆ၊ နည်းလမ်းရမဟုတ်ပါလား?
*****
မြန်မာနိုင်ငံတွင် လူဦးရေ ၅၅-သန်းကျော်ရှိပြီး၊ သာသနာ့ဝန်ထမ်း ရှင်-ရဟန်းများနှင့် သာသနာ့နွယ်ဝင် သီလရှင်တို့မှာ ငါးသိန်းဝန်းကျင်ရှိသည်ဟု သိရသည်။ နိုင်ငံတစ်ဝှန်းတွင် ရဟန်းတော်များကို ဦးစားပေးသည့်နေရာမှာ အတော်ရှားပါးလာသည်။ ရုံးများကို ရောက်သွားလျှင်လည်း သူလိုငါလိုပင် ဆက်ဆံသည်။ ဆေးရုံများတွင်မူ ရဟန်း-သာမဏေများကို မာန်မဲလေ့ရှိသည်ကိုပင် တွေ့ရသည်။ လိုင်းကားများတွင်လည်း ရဟန်းတော်များအတွက် သီးသန့်နေရာများပင် သတ်မှတ်ပေးစေကာမူ ထိုင်နေသူများက ရဟန်းတော်များတက်လာလျှင် အိပ်ပျော်ချင်ယောင် ဆောင်နေတတ်သည်။ မမြင်ချင်ယောင် ဆောင်နေတတ်သည်။ လိုင်းကားသမားတို့ကလည်း ရဟန်းသာမဏေများကို လိုလိုလားတင်ဆောင်ခြင်း နည်းပါးသည်။
ဆက်ဆံရေးပိုင်းတွင်လည်း ကြည့်ပါဦး။ ”ဘုန်းဘုန်း! သားတို့၊သမီးတို့ ပြန်တော့မယ်” ဖြစ်လာသည်။ အရွယ်ရောက်သူတို့ကလည်း ကျနော်၊ကျမဖြစ်လာသည်။ အရှင်ဘုရား၊ တပည့်တော်ဆိုတာတွေ ပျောက်လာသည်။ ခြုံးပြောရလျှင် ဆရာ/ဒကာဆက်ဆံရေးမှာ သိသိသာသာယိုင်နဲ့လာသည်။ ငါက ဘုန်းကြီးတွေနဲ့ စကားမပြောတတ်ပါဘူး။ မင်းတို့ပဲပြောလိုက်ပါဆိုတာတွေ ဖြစ်လာသည်။ …….?
ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်ပါစို့။ မြန်မာနိုင်ငံတွင်ရှိသော ရဟန်း-သံဃာတော်များတွင် အများစုသည် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိသည်မှာ သိသာထင်ရှားသည့် အချက်တစ်ခုဖြစ်သည်။ သဘာဝဘေးအန္တရာယ်၊ မုန်တိုင်းဒဏ်သင့်စသည်တို့တွင် ပါဝင်လုပ်ဆောင်ခြင်းစသော လူသားချင်းစာနာမှု လုပ်ငန်းများတွင်လည်း လက်ရှိအရေတွက်နှင့် ယှဉ်ကြည့်လိုက်လျှင် အနည်းစုသော သံဃာတော်များသာ ပါဝင်လုပ်ဆောင်ကြသည်ကိုတွေ့ရသည်။
ပညာရေးဘက်တွင်လည်း ယနေ့ခေတ်လူငယ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေမည့်ဘက်ကို အထူးတလည်းညွှန်ကြားပြသသူ နည်းလာသည်။ ဤသို့ဖြင့် မိမိတို့နေ့စဉ်ဘ၀၊ စားဝတ်နေရေးနှင့် အလှမ်းမသင့်ဟု လူအများစုကထင်လာချိန်တွင် ဘုန်းကြီးကျောင်းများကို ရောက်ပေါက်သူ နည်းလာသည်။ ရဟန်းတော်များနှင့် ဆက်ဆံရေးပါးလာသည်။ အကျိုးဆက်အားဖြင့် အရိုသေတတ်မှု အလေးထားတတ်မှုတွေ မဲ့လာသည်။ ကျောင်းသူကျောင်းသာများ အားလပ်ရပ်ဖြစ်သည့် နွေရာသီကာလတိုလေးမှာပင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သောသင်တန်းများ ပို့ချပေးသည့် ရှင်ရဟန်းများ နည်းပါးလာသည်။ လုံးဝမရှိဟုမဆိုပါ။ သံဃာအရေတွက်နှင့် ယှဉ်ကြည့်လျှင် လုပ်ဆောင်သူက နည်းပါးခြင်းကိုသာပြောပါသည်။
ဘ/က(ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်းတွေလည်း အသက်ဝင်မှုနည်းလာသည်။ နောက်တစ်ဆင့်အားဖြင့် လောကီပညာရေးနှင့် လောကုတ္တရာပညာရေးကို ခွဲခြားမြင်လာသည်။ လောကုတ္တရာပညာရေးဆိုသည်မှာ လောကီကျောင်းသားတွေနဲ့မဆိုင်၊ ရဟန်း-သမဏေတို့သာ သင်ရမည်။ ထိုပညာရေးသည် ယနေ့ခေတ်လူငယ်များကို ဘာမျှအထောက်ကူမပြုနိုင်စသဖြင့်-မြင်လာသည်။
တစ်ဖက်ကနေလည်း ဤသို့တုန့်ပြန်လာနိုင်သည်။ “ဒါတွေက လောကီအလုပ်တွေ။ ဗုဒ္ဓတရားတော်များသည် ဒုက္ခအားလုံးချုပ်ငြိမ်းဖို့ သံသရာမှလွတ်မြောက်ဖို့ဖြစ်သည်။ ရဟန်းတော်များသည် မိမိတို့ဆိုင်ရာ (ဂန္ထဓူရ၊၀ိပဿနာဓူရ) စာသင်စာကျက်လုပ်ငန်းနှင့် တရားထိုင်ခြင်းဖြင့်သာ နေထိုင်ရမည်။” သို့ဆိုသော် ဗုဒ္ဓတရားတော်များသည် လူတို့၏နေ့စဉ်ဘ၀နှင့် လုံးဝကင်းသွားပေတော့မည်။ လူသားတွေ ချမ်းသာဖို့ (ဗဟုဇန ဟိတာယ)၊ လူသားတွေငြိမ်းချမ်းဖို့ (ဗဟုဇန သုခါယ)ဆိုသော ဗုဒ္ဓလမ်း၏ ညွှန်ချက်များသည်လည်း တစ်သီးတစ်ခြား ဖြစ်သွားပေတော့မည်။
အကောင်းဘက်ကနေ မြင်ကြည့်ရလျှင် ထိုကဲ့သို့ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု နည်းသောကြောင့် ဆွမ်းခံထွက်ခြင်းကဲ့သို့သော သာသနာ့လုပ်ငန်းများ မပျက်ကွက်ဟု ထောက်ပြလာနိုင်ပါသည်။ ထိုအချက်သည် ရဟန်းတော်များကို အရိုသေတန်လာဖို့အတွက် လုံလောက်သော အကြောင်းပြချက်တစ်ခုတော့ မဟုတ်နိုင်ပါ။ သို့ရာတွင် စဉ်းစားသင့်သော အချက်တစ်ခုအနေဖြင့် ထားခဲ့ကြပါစို့။
အခြားရှုထောင့်ကနေ မြင်ကြည့်ရလျှင် ဒါတွေမလုပ်လို့ မြန်မာနိုင်ငံမှာ သာသနာပျက်နေပြီလား? ကွယ်နေပြီလား? ထိုကဲ့သို့ကား မဟုတ်ပါ။ သို့ရာတွင် အလှူရေစက်လက်နှင့်မကွာ ကျင့်သုံးနေသူများ၊ သီလဆောက်တည်နေသူများ၊ တရားဘာဝနာ ပွားများနေသူများလည်း အများပြားပင် ရှိနေပါသေးသည်။ စေတီ၊ပုထိုးများလည်း ရွှေရောင်တ၀င်းဝင်းပင် ရှိနေပါသေးသည်။ မည်သို့ဆိုစေ လိုင်းကားပေါ်ရောက်လာလို့တောင်မှ ခဏတာနေရာလေးကို မပေးလှူချင် စတာတွေကိုတော့ မေ့ထားလို့မရ။ ထိုအလှူတန်းကို လုပ်နေသူအချို့တောင် ကိုရင်ငယ်များကို အလုပ်ရှင်က အလုပ်သမားကို ခိုင်းပုံမျိုးကိုလည်း တွေ့နေရသောကြောင့်ဖြစ်သည်။
ထိုပြင် မျိုးဆက်သက်လူငယ် အများစုတို့၏ နှလုံးသားတွင် သာသနာ့အဆုံးမများ မတည်ရှိသေးသည်ကိုတော့ လက်ခံရပေမည်။ ပျောက်ကွယ်နေသည်မဟုတ်ပါ။ မရှိသေးသည်သာဖြစ်ပါသည်။ ရဟန်းတော်အများစုက သင်ပေးရမည့်တာဝန်ကို မသင်ပေးသောကြောင့်သာဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အချို့ရဟန်းတော်များ ခေတ်လူငယ်တွေ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းကနေ အားပေးလာသည်ကို ကြားသိလာရသည်။ “အနာနဲ့ဆေး၊ တည့်အောင်ပေး ကုရေးမခက်ပါ”ဆိုသည့်အတိုင်း လိုအပ်ချက်ကို ပေးနိkင်ပါမှ လိုသူများရောက်လာပေလိမ့်မည်။
ဗုဒ္ဓမြတ်စွာသည် လူသားတို့၏ လောကုတ္တရာအကျိုးသာမက လောကီမျက်မှောက်ဖြစ်သော ကောင်းကျိုးများကိုလည်း အထူးအလေးထားတော်မူခဲ့သည်မှာ ငြင်းဆိုမရနိုင်သည့် အချက်ဖြစ်သည်။ ဥမာအားဖြင့် မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ် ကူဋဒန္တသုတ်တို့လို မြောက်များလှစွာသော အထောက်အထားများကို တွေ့နိုင်ပါသည်။
တစ်နည်းအားဖြင့်ဆိုသော် လောကလိုအပ်ချက်ကို သို့မဟုတ် လတ်တလောလိုအပ်ချက်ကို အရင်ဖြည့်ဆည်းပေးပြီးမှ သံသရာလိုအပ်ချက်ကို ဖြည့်တင်းကြလျှင် နှစ်ဦးနှစ်ဖက် အကျိုးများပေလိမ့်မည်။ အောက်ပါဖြစ်စဉ်များကို စဉ်းစားသုံးသပ်စေလိုပါသည်။
တစ်ခါတွင် မြတ်စွာဘုရားနှင့် နောက်ပါရဟန်းတော်များသည် ကျေးရွာတစ်ရွာသို့ ရောက်ရှိကြသည်။ ရွာသူ/ရွာသားများအားလုံးသည် ဘုရားရှင်နှင့် သံဃာတော်များထံကို ဖူးမျှော်ရောက်လာကြသည်။ ထို့နောက် နေ့လည်ဆွမ်းဖြင့် ပြုစုလုပ်ကျွေးကြသည်။ ဗုဒ္ဓဘုရားရှင်ထံတော်မှ အနုမောဒနာတရားတော်ကို နာယူကြရန် အားလုံးက အသင့်ပြင်ဆင်နေပြီးဖြစ်သော်လည်း ဘုရားရှင်က တစ်စုံတစ်ဦးကို စောင့်ဆိုင်းဟန်ရှိနေသည်။
ခဏအကြာတွင် တောအရပ်ကနေ ပျောက်ဆုံးနေသည့် မိမိ၏နွားကို ရှာရာမှပြန်လာသော ရွာသားတစ်ယောက်ကို မြင်ကြလေသည်။ ထိုသူသည်လည်း တရားနာပရိသတ်ကိုမြင်သဖြင့် တရားနာကြားရန် ဘုရားရှင်နှင့် လူအုပ်ရှိရာသို့ ရောက်လာခဲ့သည်။ ထိုအခါ ဘုရားရှင်က နွားရှာပြီးပြန်လာသူကို ထမင်းဦးစွာကျွေးရန် မိန့်တော်မူလေသည်။
စင်စစ်အားဖြင့် ထိုနွားပျောက်ရှာသူတစ်ယောက် တရားထူးရနိုင်ဖို့အတွက်နှင့် ကျန်သောသူများ ကောင်းမှုထူးရာစေဖို့ရာအတွက် ဤရွာငယ်လေးကို ဘုရားရှင်နှင့် သံဃာတော်များ ကြွရောက်တော်မူလာခြင်းဖြစ်သည်။
တရားထူးရဖို့ရာပင် အကြောင်းရှိသော်လည်း ဗိုက်ဆာနေသူသည် တရားကိုကောင်းစွာ နှလုံးမသွင်းနိုင်သည်ကို သိတော်မူသော ဘုရားရှင်က လက်ရှိလိုအပ်ချက်ကို ဦးစွာဖြေရှင်းပြီးမှ သံသရာလိုအပ်ချက်ကို ဖြည့်တော်မူခဲ့ခြင်းဖြစ်သည်။
တရားထူးရာဖို့ရာအတွက် ပတ်ဝန်းကျင်နှင့် အချိန်ခါသည် အရေးကြီးလှသည်။ ဥပမာအားဖြင့် မေတ္တသုတ်လာ ဖြစ်စဉ်တစ်ခုဖြင့် သိနိုင်သည်။ တောအုပ်တစ်ခုတွင် တရားထိုင်မရ၍ ပြန်ရောက်လာသည့် ရဟန်းတော်များကို လက်ရှိနေထိုင်ရာ တောအုပ်သည်သာ အသင့်တော်ဆုံးကို သိမြင်တော်မူသော ဘုရားရှင်သည် အဆိုပါရဟန်းတော်များအား မေတ္တာပွားများပြီးမှ တရားအားထုတ်ကြရန် မှာကြားလိုက်ပြီး ၄င်းတို့နေရင်းတောကိုပင် ပြန်လွှတ်လိုက်သည်။
နောက်တစ်ခုကိုကြည့်ပါ။ စည်းစိမ်ပျက်စီးပြီး မိဘများလည်း လောလောလတ်လတ် သေဆုံးထားရုံသာမက သားသေလင်ဆုံးကိန်းကိုပါ ထပ်ကြုံတွေ့နေရသည့် ပဋာစာရီသည် လောကဓံလှိုင်းအောက်တွင် အရူးတပိုင်းဖြစ်အောင်ပင် ခံစားလိုက်ရသည်။ ဘုရားရှင် တရားဟောကြားနေရာ ပရိသတ်များရှေ့သို့ အ၀တ်မပါ ဗလာချည်းဖြင့်ရောက်လာသည်။ တရားနာပရိသတ်တို့က သူ့ကိုမောင်းထုတ်ကြသည်။ ထိုအခါ ဘုရားရှင်က ဟန့်တားတော်မူပြီး တစ်စုံတစ်ရာဝတ်ဖို့ပေးရန် မိန့်တော်မူလေသည်။
အခါတစ်ပါးတွင်လည်း မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ပင် ဂိလာနရဟန်းတစ်ပါးကို ပြုစုတော်မူခဲ့သည်။ ဤသို့သော ဖြစ်စဉ်များ ဗုဒ္ဓစာပေများတွင် များစွာရှိပါသည်။
အားလုံးသိကြပြီးဖြစ်သည့်အတိုင်း ဘုရားဖြစ်တော်မူပြီး ပထမဦးဆုံးအကြိမ်ဖြစ် ရဟန်းတော်များကို သာသနာပြုစေလွှတ်ရာတွင် “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ…..မာ ဧကေန ဒွေ အဂမိတ္ထ၊ ဒေသထ ဘိက္ခဝေ ဓမ္မံ…” (၀ိ၊ ၃၊ ၂၇) “ရဟန်းတို့၊ သတ္တ၀ါအပေါင်းတို့ ချမ်းသာခြင်း အလို့ငှါ ဒေသစာရီ ကြွချီကြ၊ တစ်ခုတည်းသော ခရီးဖြင့် နှစ်ပါးမသွားကြကုန်လင့်၊ ရဟန်းတို့… တရားဓမ္မကို ဟောပြောကြ”စသဖြင့် မိန့်တော်မူခဲ့သည်။
တရားဂုဏ်တော်ခြောက်ပါးတွင်လည်း သန္ဒိဋ္ဌိကဂုဏ်တော်သည် လက်ငင်းအကျိုးကို ဆိုလိုပါသည်။ ထိုလက်ငင်းအကျိုး ဆိုသည်မှာလည်း လောကီ-လောကုတ်နှစ်မျိုးလုံး အကျုံးဝင်လေသည်။ လူတို့၏ နေ့စဉ်ဘ၀အတွက် ဟောကြားညွှန်ပြထားသော တရားတော်များသည် လူအများစု၏ နေ့စဉ်ဘ၀မှ သွေဖည်သွားလျှင် ဗုဒ္ဓတရာတော်များကို နည်းမှန်လမ်းမှန်ဖြင့် အသုံးချရာ မရောက်နိုင်တော့ပေ။
လူအမျိုးမျိုးနှင့် ပုဂ္ဂိုလ်အသီးသီးတို့၏ ဥာဏ်အနု/အရင့်ကိုလိုက်၍ သစ္စာလေးပါးတန်သူကို နိဗ္ဗာန်ထိအောင်ပို့၍ သားမယားကို ချီမြှင့်ထောက်ပံ့ခြင်းသည် ကောင်းမြတ်လှသည်ဟုသာ သင့်တော်သူ့ကို မင်္ဂလာတရားတော်မျှဖြင့်သာ ဟောပြောညွှန်ပြထားခြင်းများကိုလည်း တွေ့နေရသည်ကို စာဖတ်သူများလည်း သတိထားမိပြီးဖြစ်ပေမည်။
နိဂုံးချုပ်အာဖြင့်ဆိုရပါမူ ရှေးဆရာတော်ကြီးများ မိန့်တော်မူသည့်အတိုင်း သာသနာ့ဝန်ထမ်း ရှင်-ရဟန်းတို့သည် သာသနာ့ဝန်ထုပ်များ၊ သာသနာ့ဝန်းစီးများ မဖြစ်ကြဖို့လိုသည်။ ချီးမြှောက်ခြင်းနှစ်မျိုးရှိရာတွင် ဓမ္မတစ်မျိုးတည်းဖြင့်သာ ချီးမြှောက်၍ အာမိသဖြင့် မချီးမြှောက်လျှင် သာသနာတော် ရေရှည်တည်တံ့ဖို့မဖြစ်နိုင်သည်ကို သတိပြုရပေမည်။
လူအများစုတို့၏ ပညာသင်ကြားရခြင်း၏ အခြေခံအကြောင်းရင်းသည် အဓိကအားဖြင့် စား၊၀တ်၊နေရေး အဆင်ပြေမှုအတွက်သာ ဖြစ်သည်။ ထို့နောက်မှသာလျှင် လိုရာပန်းတိုင် အသီးသီးကို တစ်ဆင့်လှမ်းကြခြင်းဖြစ်သည်။ ရှေးအခါက ဘုန်းတော်ကြီးကျောင်းပညာရေးသည် လူတို့၏ နေ့စဉ်ဘ၀လိုအပ်ချက်များကို အတိုင်းတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ဘုန်းကြီးသင်ပေးသည့် ပညာရေးက အလုပ်လျှောက်လို့မရပါဘူးဟု လူအချို့၏ တွေးဆချက်သည် မှားသည်ဟု မဆိုသာသော်လည်း ပညာရပ်တစ်ခုပေါ် ထိုကဲ့သို့ကောက်ချက်ချခြင်းမှာ မမှန်နိုင်ပေ။ ပညာ၏တန်ဖိုးမှာ ထိုထိုပညာရပ်ကို အသုံးချသူနှင့် ဘယ်လိုအသုံးချရမည်ဆိုတာကို ညွှန်ပြသူတို့သည်သာလျှင် အဓိကျသောကြောင့် ဖြစ်သည်။
အရာအားလုံးအပေါ် ယောနိသောမနသိကာရဖြင့် သင့်တင့်စွာ နှလုံးသွင်း ကျင့်ကြံနိုင်လျှင် ဗုဒ္ဓတရားတော်များသည် နေ့စဉ်လူနေမှုဘ၀အတွက်သာမက သံသရာခရီးမှ လွတ်မြောက်ဖို့ရာအတွက်ပါ အထူးကောင်းမွန်ပြည့်စုံသော လမ်းညွှန်ချက်များဖြစ်သည်ကို ကိုယ်တိုင်ကျင့်သုံးသူမျာက ထောက်ခံပေလိမ့်မည်။ အနော်ရထာ၊ သီရိဓမ္မာသောမင်းတို့လို ထင်ရှားသောသူများကလည်း သမိုင်းတွင် သက်သေခံခဲ့ပြီးဖြစ်သည်။ ။
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
No comments:
Post a Comment